DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးရန်ပုံငွေ အလွဲသုံးစားလုပ်မှုဖြင့် မြန်မာအလုပ်သမား ၁ ဦး ကြိမ်ဒဏ်ပေးခံရ
DVB
·
April 30, 2023
တော်လှန်ရေးရန်ပုံငွေ အလွဲသုံးစားလုပ်မှုဖြင့် မြန်မာအလုပ်သမား ၁ ဦး ကြိမ်ဒဏ်ပေးခံရ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်ဘူရီမြို့မှာ မြန်မာအလုပ်သမားတယောက်ဟာ တော်လှန်ရေးအတွက် အလှူငွေ ဘတ် ၁၁၀၀၀ ကို အလွဲသုံးစားလုပ်တယ်ဆိုကာ ဧပြီလ ၂၃ ရက်က လူပုံအလယ်မှာ ကြိမ်ဒဏ်နဲ့ အပြစ်ပေးရိုက်နှက်ခံခဲ့ရပါတယ်။

ဒီဖြစ်စဉ်ကို ထိုင်းရောက် မြန်မာအလုပ်သမားအရေးတွေကို ကူညီ ဆောင်ရွက်ပေးနေတဲ့ MHAC (Myanmar Humanitarian Action Center) အဖွဲ့ကနေ သွားရောက် ကူညီဖြေရှင်းပေးခဲ့ပြီး  အရိုက်ခံရသူ ကာယကံရှင်နဲ့ တဖက် ရိုက်တဲ့သူတို့က အချင်းချင်း ကျေအေးကာ အမှုမဖွင့်လိုတဲ့ အတွက် အမှုမဖွင့်ဘဲ အလှူငွေကို ပြန်လည် လျော်ကြေးပေး ပြီးဆုံးသွားတယ်လို့ သိရပါတယ်။

MHAC အဖွဲ့ ဦးဆောင်သူ ကိုရဲမင်းက “အရိုက်ခံရတဲ့သူက ထောက်ပို့လုပ်တယ်။ အဲဒီမှာ ငွေစာရင်း အလွဲသုံးစား လုပ်တယ်ဆိုပြီး ပေါ်ပေါက်တယ်။ သူ နေထိုင်ခွင့်အထောက်အထား စာအုပ်လုပ်ဖို့ ယာယီ ယူသုံးထားတယ်။ ဒါကို သူ့အနေနဲ့ လိမ်တာမဟုတ်ဘူး။ ပိုက်ဆံထွက်တာနဲ့ ပြန်ထည့်ပေးမယ်။ ကြားကာလမှာ လိမ်တယ်ဆိုပြီး ဖြစ်တယ်။ သူက ငွေကြေး အလွဲသုံးစား လုပ်တယ်ဆိုပြီး ဖြစ်သွားတယ်။ အဲဒီမှာ NUG က တာဝန်ပေးတယ်ဆိုပြီး အလွဲသုံးစား လုပ်တယ်ဆိုပြီး ကျောတရာ ရင်တရာ ကြိမ်ဒဏ်ပေးတယ်ဆိုပြီး ကြိမ်နဲ့ ရိုက်တာပေါ့။ အားလုံး ဝိုင်းတားလို့ ရပ်လိုက်တာပေါ့။ အချက် ၂၀ ရိုက်မယ်ဆိုပြီး ၉ ချက် ရိုက်တာ။ ငွေကြေး အလွဲသုံးစား လုပ်တာ လိမ်တာ တပိုင်းပေါ့။ ကိုယ့်နိုင်ငံသားအချင်းချင်း ထိုင်းနိုင်ငံ လူမြင်ကွင်းမှာ ရိုက်တာ အမြင်မတော်ဘူးပေါ့။ အဲ့ဖြစ်စဉ်ကို ဝင်ဖြေရှင်းတာပေါ့။ မြန်မာလုပ်သား အချင်းချင်းပေါ့။ ရိုက်တဲ့သူကလည်း ထောက်ပို့လုပ်တာ။ ရိုက်ခံရတဲ့သူကလည်း ထောက်ပို့လုပ်တာ မြန်မာပြည်သား အချင်းချင်းပဲ။ အရိုက်ခံရတဲ့သူက လုံခြုံမှု မရှိဘူးဆိုပြီး ကိုရဲမင်းတို့အဖွဲ့ကို အကူအညီ တောင်းလာလို့ ဒါကို ဖြေရှင်းပေးတာပေါ့”လို့ ဒီဗွီဘီကို ပြောပါတယ်။

အရိုက်ခံရသူ ကိုသုခက “ကျနော့် အရေးပေါ် ကိစ္စအတွက် စီအိုင်စာအုပ် လုပ်ရန်အတွက် ခဏတဖြုတ် ယူသုံးတယ်။ လကုန်ရင် ပြန်လှူမယ်ဆိုပြီး ရည်ရွယ်ထားတဲ့အချိန်မှာ အဲဒါကို ရှင်းပြတယ် လက်မခံဘူး။ ပြည်သူ့ရဲ့ ချွေးနဲစာတွေကို ခဏတဖြုတ် ယူသုံးတယ် အလွဲသုံးစား လုပ်တယ်ဆိုပြီး ကျနော့်ကို ရိုက်တာပေါ့”လို့ ဖြစ်စဉ်ကို ပြောပါတယ်။

ရိုက်နှက်ခံရသူနဲ့ ရိုက်နှက်ခဲ့သူ နှစ်ယောက်လုံးက ပြည်သူကို မှားယွင်းကြောင်း ပြန်လည် တောင်းပန်ထားပြီး ထိုင်းရောက် မြန်မာတွေကတော့ အခုလို လူမြင်ကွင်းမှာ အာဏာရှင်ဆန်ဆန် ရိုက်နှက်တာဟာ အမြင်မသင့်တော်ဘူးလို့လည်း ဝေဖန်ပြောဆိုကြတာတွေ ရှိနေပါတယ်။

ကာယကံရှင်ဘက်က အမှုဖွင့်ချင်တဲ့ ဆန္ဒမရှိတာကြောင့် အမှု မဖွင့်ပေးခဲ့ပေမဲ့ NUG အစိုးရကို သတင်းပို့ မှတ်တမ်းတင်ထားပြီး ရိုက်နှက်ခဲ့သူက NUG အစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ပေးလို့ ရိုက်နှက်ခဲ့တာလို့ ပြောဆိုခဲ့တာကြောင့် NUG အစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ကို တော်လှန်ရေးမှာ ပုံမှားရိုက်တဲ့ ကိစ္စဖြစ်တဲ့အတွက် NUG ပြည်ထဲရေးမှာ အမှုဖွင့် တိုင်ကြားထားတယ်လို့ ကိုရဲမင်းက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013