ခေါင်းမြီးမခြုံဘဲ သီချင်းဆိုသည့် အီရန်အဆိုတော် ကြိမ်ဒဏ် ၇၄ ချက် ချမှတ်ခံရ

ခေါင်းမြီးမခြုံဘဲ သီချင်းဆိုခဲ့တဲ့ အီရန်အမျိုးသမီးအဆိုတော် ပါရာစတူး အာမာဒီနဲ့ သူ့ရဲ့ ဂီတဖျော်ဖြေရေးအဖွဲ့ဝင် ၄ ယောက်တို့ကို နိုဝင်ဘာ ၂၃ ရက်မှာ ကြိမ်ဒဏ် ၇၄ ချက်စီ ရိုက်ခဲ့တယ်လို့ သူတို့ရဲ့ရှေ့နေက ပြောပါတယ်။
အာမာဒီဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက မြို့တော် တီဟီရန်တောင်ဘက် ကွမ်မြို့အနီးမှာ အမျိုးသားဂီတသမားတွေနဲ့အတူ ဖျော်ဖြေခဲ့ပါတယ်။
အဲဒီဖျော်ဖြေပွဲမှာ ခေါင်းမြီးမခြုံဘဲ လက်ပြတ်ဂါဝန်အနက်ရောင် ဝတ်ဆင် သီဆိုခဲ့ပြီး ရုပ်သံမှတ်တမ်းကို ယူကျုမှာ လွှင့်တင်ခဲ့ပါတယ်။
ညစ်ညမ်းပြီး ကိုယ်ကျင့်တရားနဲ့ မလျော်ညီတဲ့ အကြောင်းအရာတွေ အွန်လိုင်းမှာ ထုတ်လုပ်ဖြန့်ချိကာ အများပြည်သူရဲ့ အကျင့်စာရိတ္တစံနှုန်းတွေကို ချိုးဖောက်မှုနဲ့ သူတို့ ၅ ယောက်ကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
ကြိမ်ဒဏ်အပြင် အနုပညာနဲ့ ဂီတလုပ်ငန်းတွေ လုပ်ကိုင်ခွင့်၊ ပြည်ပခရီးသွားခွင့်တို့ကိုလည်း ၂ နှစ် ပိတ်ပင်ခဲ့ပါတယ်။ အယူခံတရားရုံးကလည်း စက်တင်ဘာလမှာ အဲဒီပြစ်ဒဏ်တွေကို အတည်ပြုခဲ့ပါတယ်။
ကြိမ်ဒဏ်ရိုက်တာဟာ “ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သလို လူ့ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ ပြစ်ဒဏ်” ဖြစ်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဝေဖန်ထားပါတယ်။
၂၀၂၂ ခုနှစ်ကလည်း ဝတ်စားဆင်ယင်မှုစည်းမျဉ်း ချိုးဖောက်တယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရတဲ့ ကာ့ဒ်နွယ်ဖွား အီရန်အမျိုးသမီး မာဆာ အာမီနီ သေဆုံးခဲ့ပြီးနောက် နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ အီရန်အမျိုးသမီးတွေဟာ မဖြစ်မနေ ခေါင်းမြီးခြုံရမဲ့ စည်းမျဉ်းကို ပိုပြီး အာခံလာကြသလို အာဏာပိုင်တွေကလည်း အဲဒီစည်းမျဉ်းကို တင်းတင်းကျပ်ကျပ် လိုက်နာစေမှု လျော့နည်းလာပါတယ်။
ကြိမ်ဒဏ်ရိုက်ခဲ့တဲ့သတင်းနဲ့ ပတ်သက်ပြီးတော့ အီရန်အာဏာပိုင်တွေက ချက်ချင်း မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
Source: Reuters











