တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်က ယင်းဝါရေလှောင်ကန်မှာ ကလေး တယောက် ဧပြီ ၂၉ ရက် ညနေ ၃ နာရီလောက်မှာ ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သေဆုံးသွားတဲ့ကလေးဟာ အသက် ၁၄ နှစ်အရွယ်ရှိပြီး ယင်းဝါရေလှောင်ကန်အနီး နေထိုင်သူ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ တဦးက “ကလေးတွေက ဘောလုံးကန်ပြီးတာနဲ့ ရေဆင်းကူးကြတာ။ သူ့သူငယ်ချင်းတွေက ပြန်မယ်လို့ ပြောတော့လည်း သူက ရေကန်နံဘေးမှာ ကျန်ခဲ့တယ်။ သူ မလိုက်လာမှန်းသိတော့ သူငယ်ချင်း တွေက ရေကန်ဆီပြန်သွားတဲ့အချိန်မှာ သူ့ရဲ့ဖိနပ်နဲ့ ဖုန်းကို ရေကန်ပေါင်ပေါ်မှာ တွေ့ရတယ်။ ရေထဲမှာ ဆင်းရှာတော့ သေနေပြီ”လို့ ပြောပါတယ်။
ရေနစ်သွားတဲ့ကလေးရဲ့အလောင်းကို မီးသတ်ဌာနမှ မီးသတ်သမားတွေက လာရောက် ဆယ်ယူခဲ့ပါတယ်။
ယင်းဝါရေလှောင်ကန်မှာ ညနေဘက်ဆိုကလေးတွေ ရေအမြဲဆင်းကူးလေ့ရှိပြီး ရေရဲ့အနက်မှာ လူ တရပ်စာပဲရှိတာဖြစ်ပါတယ်။
“ယင်းဝါရေလှောင်ကန်မှာ နှစ်စဉ် တစ်နှစ်တစ်ယောက်သေတယ်။ ဒါပေမယ့် လူမသေတာ တော်တော်ကြာပြီ”လို့ ဒေသခံတယောက်က ပြောပါတယ်။