DVB Logo
Home
မြန်မာသတင်း
ALP ပြန်ပေးဆွဲခဲ့သူ ၁ ဦး ပြန်လွတ်လာ၊ ကျပ်သိန်း ၃၅၀ ပေးခဲ့ရဟုပြော
DVB
·
April 29, 2023
ALP  ပြန်ပေးဆွဲခဲ့သူ  ၁ ဦး ပြန်လွတ်လာ၊ ကျပ်သိန်း ၃၅၀ ပေးခဲ့ရဟုပြော
Donate to DVB

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) က ပေါက်တောမြို့နယ်က ဒေသခံပြည်သူ တယောက်ကို ပြန်ပေးဆွဲခဲ့လို့ ငွေကျပ် သိန်း ၃၅၀ ပေးပြီး ရွေးထုတ်ခဲ့ရတယ်လို့ ကာယကံရှင်နဲ့ ငွေပေးချေခဲ့ရတဲ့ ကျောင်းထိုင် ဆရာတော်က ပြောပါတယ်။

ပေါက်တောမြို့နယ် ကန်ပြင်ကျေးရွာနေ ဦးမောင်ငြိမ်းဟာ ဧပြီ ၁၈ ရက်မှာ တူဖြစ်သူနေမကောင်းဖြစ်လို့ စစ်တွေဆေးရုံမှာ သတင်းသွားမေးရင်း ကယ်ဆယ်ရေးအကွက် (၂) မှာရှိတဲ့ အစ်မအိမ်ကို အလည်သွားတဲ့အချိန်  ALP အဖွဲ့ဝင် ၅ ယောက်လောက်ရဲ့ ဖမ်းဆီး ပြန်ပေးဆွဲခံခဲ့ရတာဖြစ်ပါတယ်။

ဦးမောင်ငြိမ်းက “သူတို့မှာ သေနတ်အတိုတွေလည်းပါလာတယ်။ ကျနော့်ကို ကားပေါ်ကိုတင်ပြီး ALP ရုံးကို ဖမ်းခေါ်သွားကာ ကားပေါ်က ချချချင်းမှာပဲ ကားပေါ်မှာ ပါလာတဲ့သူတယောက်က ‘ဝေး ဗျူဟာမှူးတကောင်ရလာတယ်။ အကောင်ကြီးကြီး တကောင်ရလာတယ်’လို့ လှမ်ပြောလိုက်တော့ ရုံးထဲမှာရှိတဲ့လူတွေ တအားပျော်နေကြပါတယ်” လို့ ပြောပါတယ်။

အဲဒီနောက်မှာ ထိပ်တုံးခတ်ပြီး ခြေထောက်တွေကို သံကြိုးနဲ့တုပ်နှောင်ကာ နှစ်ညနဲ့ နှစ် ရက်ချုပ်နှောင်ခံခဲ့ရကာ စားလို့မရတဲ့ထမင်းတွေကို ကျွေးတာကြောင့် နှစ် ရက်တိတိ အစာငတ်ခံကာ ရေသောက်ပြီး နေထိုင်ခဲ့ရတယ်လို့ ပြန်လွတ်လာတဲ့ ဦးမောင်ငြိမ်းက ပြောပါတယ်။

ရွာမှာရှိတဲ့ ကျောင်းထိုင်ဆရာတော်နဲ့ ရွာကလူတွေလိုက်လာလို့ ဧပြီ ၂၀ ရက် ထိပ်တုံးကနေ လာထုတ်ပြီး ရုံးခန်းထဲကိုခေါ်သွားတော့ ALP ရုံးထဲမှာ ငွေပေးချေနေတာကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်မှာမတင်ရ၊ သူတို့ ALP ပါတီ ဂုဏ်သိက္ခာကျဆင်းအောင် မပြုလုပ်ရဆိုပြီး အချက်လက်တွေ အများကြီးပါဝင်တဲ့ စာရွက်ပေါ်မှာ လက်မှတ်ရေးထိုးခဲ့ရပြီး နေအိမ်ကို ပြန်ရောက်တော့မှသာ ငွေကျပ် သိန်း ၃၅၀ နဲ့  ရွေးထုတ်ခဲ့ရတာ သိခဲ့ရတာလို့  ဦးမောင်ငြိမ်းက ပြောပါတယ်။

ကန်ပြင်ကျေးရွာက ကျောင်းထိုင်ဆရာတော် ဦးကောဝိဒက “ ဦးပဥ္စင်းကျောင်းထိုင်နေတဲ့ ရပ်ရွာက ဒါယကာ ဦးမောင်ငြိမ်းကို  ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ALP အဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဦးမောင်ငြိမ်းရဲ့ သားဖြစ်သူက ဖုန်းဆက်အကြောင်းကြားလို့  ဦးပဥ္စင် ကိုယ်တိုင် ညနေ ၄ နာရီကျော်လောက်မှာ စစ်တွေမြို့ စက်ရုံစုရပ်ကွက်က ALP ရုံးကို သွားရောက်ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့ဘူး”လို့ မိန့်ပါတယ်။

ALP ဘက်က ဧပြီ ၁၉ ရက် မနက် ၉နာရီမှာ လာရောက်ဖို့ ချိန်ဆိုလိုက်တဲ့ အတွက် ရွာက ဒါယကာ ၆ ယောက်နဲ့ သွားရောက်ညှိနှိုင်း ရာမှာတော့ ဖမ်းဆီးခံထားရတဲ့သူကို ပြန်လိုချင်ရင် ကျပ် သိန်း ၇၀၀ လို့ ALP က တောင်းတယ်လို့ ဆိုပါတယ်။

ဦးကောဝိဒက “ပြည်သူတယောက်တည်းအနေနဲ့ သိန်း ၇၀၀ ကျပ်ဆိုတဲ့ ပမာဏဟာ များပြားနေလို့ သိန်း ၁၀၀ ပေးဖို့စပြောပေမဲ့ လက်မခံဘူး။ နောက်ထပ် သိန်း ၅၀ ထပ်တိုးပေးတော့လည်း အဆင်မပြေဘူး။ သူတို့ ဘက်က သိန်း ၅၀၀ ပေးရမယ်လို့ထပ်ပြောတယ်။ ဦးပဥ္စင် တို့ဘက်က မတတ်နိုင်တော့ ထပ်မံညှိနှိုင်းကာ ALP ရုံးထဲမှာရှိတဲ့ လူ ၃ ယောက်က သူတို့ဆုံးဖြတ်တဲ့အတိုင်း လိုက်နာမလားလို့ပြောဆိုပြီး နောက်နေ့ပြန်ချိန်းလိုက်တယ်”လို့ မိန့်ပါတယ်။

ပြီလ ၂၀ ရက် မနက်ပိုင်း ရွာက ဒါယကာ ၅ ယောက်နဲ့ ALP ရုံးထဲကို ထပ်မံသွားရောက်ရာမှာတော့ သူတို့ရုံးထဲမှရှိတဲ့သူတွေက ကျပ် သိန်း ၃၅၀ ပေးရင် ချက်ချင်းပြန်လွှတ်ပေးမယ်လို့ ပြောဆိုတာကြောင့် ဆွေမျိုး၊ မိတ်ဆွေတွေဆီကနေ အကူညီတောင်းခံရှာဖွေပြီး ဦးမောင်ငြိမ်းကို ပြန်ရွေးထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

မကြာသေးခင်ကမှ ကျဆုံးသွားခဲ့တဲ့ ALP ရဲဘော် ခိုင်သူရိန္ဒ ရဲ ဇနီးဖြစ်သူက ငွေတွေကို ရေတွက်ပြီး ငွေလက်ခံတဲ့နေရာမှာ ဦးလှထွန်းဇံ၊သားဖြစ်သူ ဦးမောင် ရုံးထဲမှာ စခန်းမှူး၊ တရားသူကြီး၊ နယက ဆိုသူတွေရှိနေပြီး ကျောင်းဒါယကာ ၅ယောက်ကို သက်သေထားကာ  ငွေကျပ် သိန်း ၃၅၀ ကိုယ်တိုင် ပေးချေခဲ့ရတာလို့ ဆရာတော် ဦးကောဝိဒက မိန့်ပါတယ်။

ALP ပါတီလက်နက်ကိုင်အဖွဲ့အနေနဲ့ ကန်ပြင်ကျေးရွာသား ဦးမောင်ငြိမ်းကို ရွေးချယ်ပြီး  ဘာကြောင့် ဖမ်းဆီး ပြန်ပေးဆွဲတာလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

ALP ပါတီရဲ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူး ခိုင်ဇော်မင်းသိန်းကတော့ ဦးမောင်ငြိမ်းကို ဖမ်းဆီးခဲ့ခြင်းလည်းမရှိသလို လက်ထိတ်ခတ်ခဲ့ခြင်းလည်းမရှိပါဘူးလို့ ငြင်းဆိုပါတယ်။

“အခုလိုမျိုး နာမည်ပျက်အောင် ပုတ်ခတ်ပြီး လိုင်းပေါ်တင်နေတာမျိုးကိုတော့ ကန့်ကွက်ပါတယ်။ ဒါကတော့ မနာလိုစိတ်တွေနဲ့ အလိုလိုဝါဒမှိုင်းတိုက်တာဘဲဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ပြည်သူတယောက်ကို အနိုင်ကျင့်၊ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တာမျိုး မပြုလုပ်ဘဲ ပြည်သူတွေ ဒုက္ခမရောက်အောင် ငြိမ်းချမ်းရေးလမ်းစဥ်အတိုင်း သွားနေတာပဲ ဖြစ်တယ်”လို့ပြောပါတယ်။

ALP/ALA အဖွဲ့ဝင်တွေဟာ စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှာ အထိုင်ချတပ်စွဲထားပြီး ဇန်နဝါရီ ၄ ရက်နေ့မှာ ALP ပါတီ ခေါင်းဆောင်ပိုင်းထဲက ၃ ယောက် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013