
ပီရူးနိုင်ငံ၊ ကုစ်ကိုအန်ဒီယန်ဒေသမှာ မြေပြိုကျမှုကြောင့် ရထားလမ်းတပိုင်း ပျက်စီးသွားပြီး အင်ကာခေတ်က ရှေးဟောင်းမြို့တော် မာချူးပီချူးကိုသွားတဲ့ အစားထိုးလမ်းကြောင်းပေါ်က ရထားဝန်ဆောင်မှုကို မတ် ၃၀ ရက်မှာ ခဏတာ ရပ်နားထားတယ်လို့ လုပ်ငန်းဆောင်ရွက်တဲ့ ကုမ္ပဏီနဲ့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။
ဒီခရိုင်မှာ မတ် ၂၉ ရက် ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မနက်အစောပိုင်း ၄ နာရီမှ ၅ နာရီလောက်မှာ ကီလိုမီတာ ၁၁၅ နဲ့ ၂၀၀ ကြားမှာ မြေပြိုမှုဖြစ်ပွားခဲ့တယ်လို့ မာချူးပီချူး ခရိုင်မြို့တော်ဝန် အဲလ်ဗစ်လာတော်ရေးက ပြောပါတယ်။
ဒီမြေပြိုမှုက တော်တော်လေး ပြင်းထန်ပြီး ရထားသံလမ်း မီတာ ၄၀၀ လောက်ဟာ ရေထဲ မျောပါပျက်စီးသွားတာကြောင့် PeruRail ကုမ္ပဏီက ခရီးသည်တွေနဲ့ ခရီးသွားလုပ်ငန်းတွေကို ခရီးစဉ်တွေ ရပ်နားထားကြောင်း ချက်ချင်း အသိပေးခဲ့ပါတယ်။
ရပ်နားတဲ့အကြောင်းကို ခရီးသည်တွေ၊ ခရီးသွားအေဂျင်စီတွေ၊ ခရီးသွားလုပ်ငန်းတွေကို အသိပေးထားပေမဲ့ ဘယ်အချိန် ပြန်ပြေးဆွဲမလဲ ဆိုတာတော့ မပြောထားသေးပါဘူး။
မြို့တော်ဝန်ကတော့ ပျက်စီးသွားတဲ့ လမ်းပိုင်းကို ပြန်ပြင်ပြီး ခရီးစဉ်တွေ ပုံမှန်အတိုင်း ပြန်စနိုင်ဖို့အတွက် အနည်းဆုံး ၁၀ ရက်ကနေ ၁၅ ရက်လောက်အထိ ကြာမြင့်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒေသအာဏာပိုင်တွေကတော့ အိုလန်တေတမ်ဘို-မာချူးပီချူး လမ်းကြောင်းကို အစားထိုး အသုံးပြုဖို့ ခရီးသွားတွေကို အကြံပြုထားပြီး အဲဒီလမ်းကြောင်းကတော့ ရှေးဟောင်းနေရာကို သွားဖို့ “အပြည့်အဝ လည်ပတ်နေဆဲ” လို့ ပြောပါတယ်။
တောင်ပေါ်မှာ ကျောက်နဲ့ဆောက်လုပ်ထားပြီး ၁၅ ရာစု မတိုင်ခင်ကတည်းက ရှိလာတဲ့ မာချူးပီချူးဟာ ပီရူးနိုင်ငံရဲ့ အဓိက ခရီးသွားဆွဲဆောင်ရာနေရာဖြစ်ပြီး ကမ္ဘာပေါ်မှာ အများဆုံး လာရောက်ကြည့်ရှုကြတဲ့ ရှေးဟောင်းသုတေသန နေရာတွေထဲက တခုဖြစ်ပါတယ်။
Source: Reuters








