ရှမ်း-ကယားနယ်စပ်၊ ရှမ်းပြည်နယ်၊ မိုးဗြဲမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က အယောက် ၂၀ သေဆုံးကာ ၂ ဦး အရှင်ဖမ်းမိတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မိုးဗြဲမြို့ရှိ ညောင်ဝိုင်းရပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဧပြီ ၂၆ ရက် မနက် ၆ နာရီကနေ ၉ နာရီအထိ အမှတ် ၁၀၀၁ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ MBPDF B-01၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF B-03၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-01 နဲ့ မြို့ပြတော်လှန်ရေးတပ်ဦး URF တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထိနာပြီး ဖယ်ခုံအမြောက်တပ်၊ လွိုင်ကော်အမြောက်တပ်၊ မိုးဗြဲ ခမရ ၄၂၂ တပ်တို့ကနေ လက်နက်ကြီးများပစ်ကူခဲ့ကြပြီး ၊ ဝါရီဆူးဖလိုင်ဘက်မှ လက်နက်ကြီးပစ်ကူတွေ အဆမတန် ပြုလုပ်ခဲ့တဲ့အပြင် တိုက်လေယာဥ်နဲ့ ၄ ကြိမ်လာရောက် ဗုံးကြဲတိုက်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပြောထားပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေဘက်က MA - 1 ၄ လက်၊ MA -2 ၄ လက်၊ MA -3 ၂ လက်၊ MA-4 ၁ လက်၊ RPG-7 ၁ လက်၊ ၆၀ မမပြောင်းတို ၂ ပြောင်း သိမ်းဆည်းရမိခဲ့ပါတယ်။
တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့တွေ ထိခိုက်ဒဏ်ရာတချို့ ရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲဝင်တွေထံက သိရပါတယ်။
မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေအကြား စစ်ရေးအခြေအနေတင်းမာနေတာကြောင့် မိဘပြည်သူများအနေနဲ့ တိုက်ပွဲဖြစ်ပွားရာနေရာတွေနဲ့ အနီးတဝိုက် အသွားအလာတွေ၊ နေရပ်ပြန်တာတွေ မပြုလုပ်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက အထူးသတိပေးထားပါတယ်။
ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။