DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီက ရရှိထားသည့် ဂျပန်သတင်းထောက် နာဂအိရဲ့ ကင်မရာကို မိသားစုထံ လွှဲပြောင်းပေးအပ်
DVB
·
April 26, 2023
ဒီဗွီဘီက ရရှိထားသည့် ဂျပန်သတင်းထောက် နာဂအိရဲ့ ကင်မရာကို မိသားစုထံ လွှဲပြောင်းပေးအပ်
1 / 3
Donate to DVB

ဒီဗွီဘီကရရှိထားတဲ့ ဂျပန်သတင်းထောက် နာဂအိရဲ့ ဗွီဒီယိုကင်မရာကို မိသားစုထံ လွှဲပြောင်းပေးအပ်ပွဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များကလပ် (FCCT) ခန်းမမှာ ဧပြီ ၂၆ ရက်က ကျင်းပပါတယ်။

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က   နာဂအိရဲ့ ညီမဖြစ်သူထံ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ရှေ့မှောက်မှာ ကင်မရာကို တရားဝင်လွှဲပြောင်းပေးအပ်လိုက်တာ ဖြစ်ပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်း ရန်ကုန်မြို့၊ ဆူးလေအနီးမှာ သတင်းမှတ်တမ်းယူရင်း စစ်သားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တဲ့ ဂျပန်သတင်းထောက် ကန်ဂျီ နာဂအိရဲ့ ကင်မရာကို ပြန်လည်ရရှိဖို့ မိသားစုဝင်တွေက နှစ်ပေါင်းများစွာ အစဉ်တစိုက် ကြိုးပမ်းနေခဲ့တာပါ။

နာဂအိရဲ့ ညီမဖြစ်သူ နိုရီကိုအိုဂဝစံဟာ အစ်ကိုဖြစ်သူ နောက်ဆုံးကိုင်ဆောင်ပြီး မှတ်တမ်းယူခဲ့တဲ့ ကင်မရာနဲ့ သေဆုံးခဲ့ရတဲ့ အဖြစ်မှန်ကို ဖော်ထုတ်ပေးဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် အဲဒီအချိန်က မြန်မာအစိုးရထံ တောက်လျှောက် ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမထူးခဲ့ပါဘူး။

အခုချိန်မှာတော့ ပြန်လည်ရရှိလာတဲ့ ကင်မရာနဲ့ တိပ်ခွေကို သေချာစိစစ်ပြီး နာဂအိ သေဆုံးခဲ့မှု အဖြစ်မှန်ကို ဖော်ထုတ်သွားမယ်လို့ ညီမဖြစ်သူ နိုရီကို အိုဂဝစံက ပြောပါတယ်။

နိုရီကိုအိုဂဝစံက “ကျမအစ်ကို ဆုံးပါးသွားတာ ၁၆ နှစ်လောက် ကြာသွားပြီဖြစ်ပြီး စဉ်ဆက်မပြတ် တောင်းဆိုနေပေမဲ့ ကင်မရာနဲ့ပတ်သက်လို့ ဘာသတင်းအချက်အလက်မှ မရရှိခဲ့ပါဘူး။ ဘယ်လိုမျိုးပဲဖြစ်နေပါစေ၊ ကင်မရာပြန်လည်ရရှိရေးအတွက် ကြိုးစားအားထုတ်ပေးခဲ့ကြတဲ့ ဒီမိုကရက်တစ်မြန်မာအသံနဲ့ မစ္စတာ အေးချမ်းနိုင်ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ကင်မရာ ပြန်လည်ရရှိရေးအတွက် မျှော်လင့်ချက်တွေ ထားစရာ မလိုတော့တဲ့အတွက် ပီတိအပြည့်နဲ့ ပျော်ရွှင်ကြည်နူးရပါတယ်။ ဒါကြောင့်မို့လို့ အထူးကျေးဇူးတင်ပါတယ်။ ကျမရဲ့ အစ်ကိုဖြစ်သူ နောက်ဆုံးကိုင်ခဲ့တဲ့ ဒီကင်မရာနဲ့ တိပ်ခွေကို အတည်ပြုနိုင်ဖို့ ဂျပန်နိုင်ငံကို ပို့ဆောင်သွားမှာဖြစ်ပြီး အစ်ကိုဖြစ်သူ သေဆုံးခဲ့တဲ့ နောက်ဆုံးအခြေအနေနဲ့ သေဆုံးရတဲ့ဖြစ်စဉ်တွေ၊ အချက်အလက်တွေကို သေချာခွဲခြမ်း စိစစ်သွားမှာ ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ သေဆုံးခဲ့ရတာဟာ မတော်တဆမှုလို့ မြန်မာ့တပ်မတော်ဘက်က အခိုင်အမာ ပြောဆိုနေတာကို ပြန်လည်ငြင်းဆိုနိုင်ဖို့လည်း ကျမတို့ မျှော်လင့်ထားပါတယ်” လို့ ပြောပါတယ်။

ဒီကနေ့ ကင်မရာပေးအပ်ပွဲ အခမ်းအနားကနေ နာဂအိရဲ့ဖြစ်စဉ်ကို ပြန်လည်ဖော်ထုတ်ပြီး စစ်အစိုးရရဲ့ ဥပဒေချိုးဖောက်ခဲ့မှုတွေ၊ မြန်မာပြည်က မီဒီယာလောက အခြေအနေတွေနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို မီးမောင်းထိုးပြနိုင်မယ်လို့ ဒီမိုကရက်တစ်မြန်မာ့အသံ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က ပြောပါတယ်။

“အဲ့ဒီအချိန်တုန်းက ကျနော် ရုံးကို မနက်ပိုင်းရောက်သွားတဲ့အချိန်မှာ ဂျာနယ်လစ်တယောက် ဘောင်းဘီတိုဝတ်ထားတယ်၊ သူ သေနတ်နဲ့ ပစ်သတ်ခံရတယ်ဆိုပြီး ‌ပြောကြတယ်။ စစချင်းတော့ ကျနော်တို့ စိုးရိမ်သွားတာက ကျနော်တို့သတင်းထောက်ထဲက တယောက်ဖြစ်လိမ့်မယ် ဆိုပြီးတော့။ အဲ့ဒီနေ့ညနေပိုင်းမှာပဲ အဲ့ဒီသူက နာဂအိဆိုတာ သိလိုက်ရတယ်။ ဝမ်းနည်းစရာကောင်းတာက စစ်အစိုးရရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ သတင်းထောက်ဟာ သူတယောက်တည်းတော့ မဟုတ်ပါဘူး။ အခုနောက်ပိုင်း ဂျာနယ်လစ်တချို့ဟာ စစ်အစိုးရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။ အထူးသဖြင့်တော့ အခုစစ်အာဏာသိမ်းမှု နောက်ပိုင်းမှာလည်း ဂျာနယ်လစ် ၄ ယောက် သေဆုံးခဲ့ရပြီး ဒီဗွီဘီက ဂျာနယ်လစ် ၂ ယောက် အပါအဝင် ဂျာနယ်လစ် ၅၀ ကျော်ဟာ အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။ ကျနော်မျှော်လင့်ပါတယ်၊ ဒီကနေ့အခမ်းအနားကနေ နာဂအိရဲ့ဖြစ်စဉ်ကို ပြန်လည်ဖော်ထုတ်ပြီး စစ်အစိုးရရဲ့ ဥပဒေချိုးဖောက်ခဲ့မှုတွေ၊ မြန်မာပြည်က မီဒီယာလောက အခြေအနေတွေနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို မီးမောင်းထိုးပြနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်ဟာ နိုင်ငံကနေ ၁၉၈၈ ကတည်းက ထွက်ခွာလာခဲ့တာဖြစ်ပြီး နှစ် ၃၀ မီဒီယာလုပ်သက်မှာ ဒီလောက်ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အခြေအနေတွေ တခါမှ မကြုံခဲ့ဖူးပါဘူး။ ဒီတကြိမ်ဟာ အဆိုးဝါးဆုံးဖြစ်ပြီး ဒီလိုအခြေအနေတွေက အမြန်ဆုံး ပြောင်းလဲသွားဖို့လည်း မျှော်လင့်ပါတယ်။”

နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ကလည်း မြန်မာနိုင်ငံက သတင်းသမားတွေ ဥပဒေမဲ့ သေဆုံးခဲ့ရမှုတွေ၊ ဖမ်းဆီးခံရမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းဖော်ထုတ်မှုတွေကို လုပ်ဆောင်သွားမယ်လို့ ဒီနေ့အခမ်းအနားမှာ ပြောပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့အခြေစိုက် APF သတင်းဌာနရဲ့ သတင်းထောက် အသက် ၅၀ အရွယ်  မစ္စတာ နာဂအိခန်းဂျီဟာ အာဖဂန်နစ္စတန်၊ အီရတ်နဲ့ ပါလက်စတိုင်းနယ်စပ် အပါအဝင် နိုင်ငံတကာက စစ်ပွဲသတင်းတွေနဲ့ ဒုက္ခရောက်နေတဲ့ ကလေးသူငယ်တွေရဲ့ သတင်းတွေ ယူခဲ့တဲ့ ထင်ရှားတဲ့ ဂျပန်သတင်းထောက်တယောက် ဖြစ်ပါတယ်။

၂၀၀၇  စက်တင်ဘာ ၂၇ ရက်နေ့က ရွှေဝါရောင်သံဃာတော်တွေရဲ့ ဆန္ဒပြပွဲကို ရုပ်သံသတင်း ယူနေစဉ် ရန်ကုန်မြို့ ဆူးလေအနီးမှာ စစ်သားတယောက်ရဲ့ အနီးကပ် သေနတ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဗွီဒီယိုနဲ့ ဓာတ်ပုံမှတ်တမ်းအရ ယာဘက်ဝမ်းဗိုက်အောက် သေနတ်နဲ့ ထပ်ဆင့်ပြီး အပစ်ခံခဲ့ရလို့ သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

နာဂအိရဲ့ကင်မရာနဲ့ တိတ်ခွေ ပြန်လည်ရရှိရေးအတွက် နာဂအိညီမဖြစ်သူ နိုရိကိုအိုဂဝစံက ဦးသိန်းစိန်အစိုးရ လက်ထက်မှာရော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီအစိုးရ လက်ထက်မှာပါ ကြိုးပမ်းခဲ့ဖူးပြီး ကင်မရာပြန်ပေးဖို့ ဂျပန်ပြည်သူ ၁၃၀,၀၀၀ ကျော်ရဲ့ ဆန္ဒပြုတောင်းဆိုလက်မှတ်တွေကိုလည်း တိုကျို မြန်မာသံရုံးကတဆင့် ပေးပို့ တောင်းဆိုခဲ့ဖူးပါတယ်။

နာဂအိ သေနတ်နဲ့ ပစ်သတ်ခံရမှုမှာ ဗွီဒီယိုမှတ်တမ်းတွေ၊ ဓာတ်ပုံတွေ သက်သေခိုင်ခိုင်မာမာ ရှိနေပေမဲ့ သေဆုံးခဲ့ရမှုနဲ့ ပတ်သက်လို့ ပစ်ခတ်နှိမ်နင်းမှုတွေမှာ ပစ်မိန့်ပေးခဲ့သူကိုရော ကိုယ်တိုင်ပစ်ခတ်မှု ကျူးလွန်သူကိုပါ အခုချိန်အထိတိုင်အောင် တရားဥပဒေအရ အရေးယူတာ မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင်က နာဂအိ အပါအဝင် သတင်းသမား ၅ ဦး သတ်ဖြတ်ခံရပြီး   စစ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ သတင်းသမား ၄ ဦးနဲ့ စုစုပေါင်း ၉ ဦးရှိပြီး ကျူးလွန်သူတွေ ပြစ်ဒဏ်ကနေ ကင်းလွတ်နေတယ်လို့  FEM အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013