DVB Logo
Home
မြန်မာသတင်း
စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသည့် ရွာသား ၂၀၀ ကျော် ဖားကန့်ရဲစခန်း၌ စစ်ဆေးခံနေရ
DVB
·
April 26, 2023
စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသည့် ရွာသား ၂၀၀ ကျော် ဖားကန့်ရဲစခန်း၌ စစ်ဆေးခံနေရ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီရဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့  ရွာသား ၂၀၀ ကျော်ကို ဧပြီ ၂၅ ရက်မနေ့က ဖားကန့်ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဧပြီ ၂၁ ရက် မနက် ၅ နာရီကျော်က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီး မှော်ပုံကျေးရွာက အပြစ်မဲ့ရွာသား ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီးနောက် လုံးခင်းအုပ်စု မဇွပ်ယန်ထောင်ထဲကို ထည့်ထားခဲ့ကာ မနေ့က ဖားကန့်ရဲစခန်းမှာ ခေါ်စစ်ဆေးနေတာ ဖြစ်ပါတယ်။

မှော်ပုံကျေးရွာက ရပ်မိရပ်ဖတဦးက “ရွာသားတွေကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတယ်။ သူတို့ လိုသလိုအသုံးပြုပြီးရင် ပြန်လွှတ်ပေးသင့်တာပေါ့။ ထောင်ထဲပါ ထပ်ထည့်ပြန်တယ်။ ဒါဟာ ပြည်သူကို တမင်သက်သက်စော်ကားအနိုင်ကျင့်တာ အရမ်းထင်ရှားနေပြီ”လို့ ပြောပါတယ်။

ရွာသား ၂၀၀ ကျော်ကို မဇွပ်ယန် ထောင်ထဲမှာ ထိန်းသိမ်းထားပြီး ဧပြီ ၂၅ ရက် မနက်မှာတော့ မဇွပ်ယန်ထောင်မှူးကတဆင့် ဖားကန့်ရဲစခန်းကို အသုတ်လိုက် ပို့ဆောင်ပေးဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကို အကူအညီတောင်းခဲ့လို့ လူမှုကူညီရေးကား ၆ စီးနဲ့ ဖားကန့်ရဲစခန်းကို ပို့ပေးခဲ့ရတယ်လို့လည်း လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။

ဖမ်းဆီးထားသူတွေထဲက အယောက် ၅၀ တသုတ် ဖားကန့်ရဲစခန်းကို ပို့ဆောင်ခဲ့ရပြီး ၊ ရဲစခန်းက ကိုယ်ရေးအချက်အလက်အပါဝင် စစ်ဆေးစရာရှိတာတွေကို တဦးချင်းစစ်ဆေးကာ ပြစ်မှုကျူးလွန် တာတွေရှိရင် တရားဥပဒေနဲ့အညီ ရင်ဆိုင်ရမှာဖြစ်ပြီး၊ ပြစ်မှုမရှိမှသာ ပြန်လွှတ်ပေးမယ်လို့လည်း မှော်ပုံဒေသခံတွေထံက သိရပါတယ်။

မှော်ပုံ ရပ်မိရပ်ဖတဦးက “ဖမ်းသွားတဲ့လူတွေအားလုံးကို ၅၀ ဦးတသုတ် ဖားကန့်ရဲစခန်းကို ပို့ခိုင်းတယ်။ စစ်မယ်ဆေးမယ်၊ အပြစ်မရှိရင် ခံဝန်ထိုးခိုင်းမယ်၊ အပြစ်ရှိရင် ဥပဒေနဲ့ ဆက်ရင်ဆိုင်ရမယ်လို့ပြောတယ်။ ကျနော်တို့ရွာသားတွေက ရေမဆေး ရှာစားနေတဲ့လူတွေ၊ အောက်ပိုင်းက နေစရာ စားစရာမရှိလို့ ရောက်လာတဲ့လူတွေလည်းပါတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဧပြီ ၂၁ ရက် မနက်အစောပိုင်းက  မှော်ပုံကျေးရွာကို ဝင်စီးပြီး အပြစ်မဲ့ရွာသားတွေကို လူသားဒိုင်းအဖြစ်ဖမ်းဆီးတာတွေအပြင် နေအိမ်တချို့ကို ဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းတွေ ယူဆောင်တာအပြင် လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့လည်း ရွာသားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013