DVB Logo
Home
မြန်မာသတင်း
ပတ်စ်ပို့လုပ်ခ အမြန်ကြေး ပြင်ပပေါက်စျေး ၂ သိန်းခွဲကနေ ၈ သိန်းခွဲအထိ ရှိနေ
DVB
·
April 24, 2023
ပတ်စ်ပို့လုပ်ခ အမြန်ကြေး ပြင်ပပေါက်စျေး ၂ သိန်းခွဲကနေ ၈ သိန်းခွဲအထိ ရှိနေ
Donate to DVB

ပြည်တွင်းမှာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) စာအုပ်အသစ်လုပ်ဖို့ တိုကင်နံပါတ်ရယူတာနဲ့ ရန်ကုန်မှာ အွန်လိုင်း QR စနစ် ရယူတာဟာ အချိန်အတော် ကြန့်ကြာတာကြောင့် ပွဲစားတွေနဲ့ အမြန်ကြေးပေးပြီး လုပ်ရတဲ့ အခြေအနေတွေ ရှိနေပါတယ်။

ပတ်စ်ပို့စာအုပ် လုပ်ဖို့ဆိုရင် ပြင်ပပေါက်စျေး အနိမ့်ဆုံး ၂ သိန်းခွဲကနေ ၅ သိန်း၊ ၇ သိန်း၊ ၈ သိန်းခွဲအထိ အစားစားရှိတယ်လို့ ပတ်စ်ပို့ပွဲစားတွေဆီက သိရပါတယ်။ တိုကင်စနစ်နဲ့ လုပ်ပေးနေတဲ့ နယ်မြို့တွေမှာလည်း လျှောက်တဲ့သူများတာကြောင့် လနဲ့ချီကာ တိုကင်စောင့်ဆိုင်းရပြီး တိုကင်နံပါတ် ရောင်းစားခံရတဲ့ အခြေအနေတွေ ရှိတယ်လို့ ကိုယ်တိုင်ကြုံရသူတယောက်က ပြောပါတယ်။

“ကျနော်တို့ ၄ လပိုင်း ၁၈ ရက်နေ့ တိုကင်ပြန်ရတယ်။ ၁၈ ရက်နေ့ သွားလုပ်ရော မရဘူးတဲ့။ ၁၈ ရက်နေ့ မတိုင်ခင်က အမြန်လုပ်မယ်ဆိုရင် ၇ သိန်းပေါက်တယ်တဲ့။ ၇ သိန်းနဲ့ မလုပ်နိုင်ရင် စောင့်ပေါ့။ တိုကင်ပေးမယ်တဲ့။ အရှေ့မှာ သင်္ကြန်ပိတ်ရက်တွေ ခံထားတော့ ကျနော်တို့ စီနီယာတွေကို ရောင်းစားလိုက်တာ။ ၅ သိန်းနဲ့ရောင်းတာ။ အခုပေါက်စျေးက ၅ သိန်းတဲ့။ အခု ကျနော်တို့လည်း ဝယ်ချင်ဝယ်လို့ရတယ်။ မနက်ဖြန်လုပ်ချင်ရင် အခု သွားပေးလို့ရတယ်။ အဲဒါ ၅ သိန်းပေးရမယ်။ ဘာမှ ယူစရာမလိုဘူး။ ယူထားတဲ့လူတွေကို ပေးတော့ပေးတယ်။ ဒါပေမဲ့ ရုံးက လူတွေက ရောင်းစားပစ်တယ်။”

ပတ်စ်ပို့လျှောက်ထားသူတဦးကလည်း “ကျနော်တို့ သွားတုန်းက ကျနော်တို့လုပ်ရမယ့်ရက်မှာ မဟုတ်ဘဲ သင်္ကြန်မတိုင်ခင်က လုပ်ပေးလိုက်တာ။ ကျနော်တို့က မသိလို့ မလုပ်လိုက်တာဆိုပြီး အကြောင်းပြတယ်။ မဟုတ်ရင်လည်း ပွဲစားနဲ့ ဆက်သွယ်ပေါ့။ ပွဲစားနဲ့ ဆက်သွယ်လို့တော့ တိုက်ရိုက်ကြီးတော့ မပြောဘူးပေါ့။ ပေးရင်ရမယ်၊ မပေးရင်မရဘူး ဖြစ်နေတာပေါ့။ အဲ့လိုဖြစ်နေတာဗျာ။ တော်တော်ဆိုးတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ ပုံမှန်အတိုင်း ပတ်စ်ပို့လျှောက်မယ်ဆိုရင် ၉ လပိုင်းမှ ဘိုကင်ရမှာဖြစ်ပြီး အမြန်လမ်းကြောင်းနဲ့ဆိုရင် ပတ်စ်ပို့လုပ်ခ အပြီးအစီး ၈ သိန်းခွဲ ရှိတယ်လို့ ပွဲစားတွေဆီက သိရပါတယ်။

လက်ရှိမှာလည်း QR နံပါတ် အမြန်ရမယ်ဆိုတဲ့ ရောင်းချမှုတွေရှိနေပြီး QR ဝန်ဆောင်မှု တယောက်ကို ၃ သိန်းနီးပါး အလိမ်ခံရတဲ့ဖြစ်စဉ်တွေ ရှိတယ်လို့ ပတ်စ်ပို့ အကျိုးဆောင်တွေဆီက သိရပါတယ်။

“QR က အမြန်ရမယ်ဆိုပြီး ရောင်းတာဆိုရင် ဒါ သေချာလိမ်တာပေါ့နော်။ သူက သူ့ရက်နဲ့သူ သွားနေတာ ၉ လပိုင်းရောက်နေပြီ။ အရင်က ရန်ကုန် QR မှာ အနီးနဲ့အဝေးဆိုတာ ရှိတယ်။ အခုစနစ်မှာတော့ မရှိတော့ဘူး။ တနည်းပဲရှိတယ်။ ၉ လပိုင်း ၅ ရက်နေ့ရောက်နေပြီ။ ရန်ကုန်တခုပဲ QR နဲ့ ဝင်ရတာ။ နယ်ကလူတွေက အမှတ်စဉ်သွားပေးပြီး တိုကင်နဲ့ဝင်ရတာ။ အမြန်ရမယ်ဆိုရင်တော့ နယ်မှာ ကိုယ့်နယ်မှာပဲ ပွဲစားအသိနဲ့လုပ်တာ ကောင်းတယ်။ ရန်ကုန်မှာက စျေးတွေ တအားမြောက်တယ်။

“QR အမြန်ရမယ်ဆိုတာ ဝက်ဘ်ဆိုက်ရဲ့ Process က ၉ လပိုင်းအတွက် QR ပဲ ရမယ်။ QR က မှန်မမှန် ဘယ်လိုစစ်ရမလဲဆိုတာ ဝက်ဘ်ဆိုက်မှာပဲ စစ်လို့ရမယ်။ ရန်ကုန်မှာက စျေးတွေ တအားမြောက်နေတာ။ ၇ သိန်း ၈ သိန်းလောက် စျေးတွေဖြစ်နေတယ်။ ပွဲစားတွေက တခါပါရင် သိန်းနဲ့ချီဆိုတော့ နင့်ခနဲပဲ။ ဟိုတလောက အသိတောင် ရန်ကုန် ပတ်စ်ပို့လုပ်တာ တယောက် ၇ သိန်းတဲ့။ ၅ ယောက် ပါသွားတယ်။ တော်တော် အလိမ်ခံရနေတာ” လို့ ပတ်စ်ပို့ အကျိုးဆောင်တဦးက ပြောပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ဝက်ဘ်ဆိုက်မှာတော့ ၂၄ နာရီ အချိန်မရွေး အွန်လိုင်းရက်ချိန်းရယူမှု လျှောက်ထားနိုင်ပြီး ရက်ချိန်း တရက်ကို လူဦးရေ ၂,၅၀၀ ဝန်းကျင်စာ ထုတ်ပေးနေတာပါ။ အွန်လိုင်း ဘွတ်ကင်စနစ်သစ်ကိုတော့ ဒီနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်ခဲ့တာပါ။

မန္တလေးမြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာတော့ ပတ်စ်ပို့ တိုကင်နံပါတ်တွေ ၂၀၂၄ အထိ ရောက်နေပြီလို့ သိရပါတယ်။ အရပ်သားအစိုးရလက်ထက်မှာ ပတ်စ်ပို့စာအုပ်လုပ်ခ ငွေကျပ် ၄၀,၀၀၀ ဝန်းကျင်သာ ရှိခဲ့ပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ပြင်ပပေါက်စျေးတွေဟာ ငွေကျပ် ၂ သိန်းခွဲကနေ ၁၀ သိန်းလောက်အထိ ရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013