မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံရတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ကို သတ်ဖြတ်ပြီး အလောင်းနဲ့ အတူ သွေးသောက်တံဆိပ်ကတ် ချထားတာ တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံတစ်ဦးက" PDF ထဲက အမည်ကတော့ ဖိုးထောင်၊ Local ထဲက ဖမ်းခေါ်သွားပြီးမှ မိုင်းဆွဲတာနဲ့ စိတ်တိုသွားပြီးတော့ သတ်ထားခဲ့တာ"လို့ ပြောပါတယ်။
မနေ့မနက်ပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ရွာသာယာကျေးရွာအနီးမှာ ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် အသက် ၁၀ ကျော်အရွယ် ကိုဖိုးထောင်ကို ဖမ်းမိသွားတာဖြစ်ပြီး အဲဒီနောက် အခုလိုသတ်ဖြတ်သွားတာလို့ သိရပါတယ်။
စစ်ကောင်စီတပ်က မတ္တရာအရှေ့ခြမ်းနယ်ကို ဧပြီလ ၂၂ ရက်နေ့ကတည်းက ရွာစဉ်ပတ် စစ်ကြောင်းထိုးနေပြီး ဒေသခံအမြောက်အမြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြောင်းသစ်ရွာကို စစ်ကြောင်းထိုးရာမှာ ပြည်သူ့နေအိမ်တွေကို မွှေနှောက်ပြီး အဖိုးတန် ပစ္စည်းတွေယူငင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဧပြီ ၂၂ ရက်နဲ့ ၂၃ ရက်အတွင်းမှာ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်တွေဘက်က မိုင်းဆွဲတိုက်ခိုက်မှု ငါးကြိမ်ရှိခဲ့တယ်လို့ သိပါတယ်။
ဒေသကာကွယ်ရေးတပ်တွေဟာ မြကန်သာရွာနဲ့ ကျောက်တံတားကျေးရွာတွေမှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့သလို၊ မတ္တရာမြို့က ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာတွေကြောင့် အခုလို စစ်ကြောင်းထိုးတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။
စစ်အုပ်စုဟာ စစ်ကြောင်းထိုးရင်း ရွာသာယာနဲ့ မြောင်းသစ်ကျေးရွာက ဒေသခံနေအိမ် နှစ်လုံးကို မီးရှို့သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကင်းရွာနဲ့ ထုံးဘိုရွာက ဒေသခံလူငယ်တချို့ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။