တနင်္သာရီတိုင်းမှာ ဧပြီ ၁၉ ရက်ကနေ ၂၂ ရက်အထိ ၄ ရက်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ ၅ ဦး အထိ ရှိလာပြီလို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက နေ့စဉ်ထုတ်ပြန်တဲ့အချက်အလက်တွေအရ သိရပါတယ်။
ထားဝယ်မြို့နယ်က ၃ ဦး နဲ့ မြိတ်မြို့နယ်က ၂ ဦးထံမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်လို့ စစ်ဆေး တွေ့ရှိရတာ ဖြစ်ပါတယ်။
ဧပြီ ၁၉ ရက်မှာ ထားဝယ်တက္ကသိုလ် ပါမောက္ဓချုပ် ဒေါက်တာသန်းသန်းဦး ကိုဗစ်-၁၉ ကူးစက်ခံရပြီး ထားဝယ်ဆေးရုံမှာ ဆေးကုသနေပြီး ဧပြီ ၂၀ ရက်မှာ တနင်္သာရီတိုင်း စစ်ကောင်စီ အဖွဲ့ကို အသစ်ပြောင်းလာတဲ့ လူမှုရေးဝန်ကြီးနဲ့ ကိုယ်ရေးအရာရှိတို့ ၂ ဦး ကိုဗစ်-၁၉ ကူးစက်ခံရပြီး stay at home ဆေးကုသနေတယ်လို့ မြို့ခံပရဟိတအသင်းတွေဆီက သိရပါတယ်။
မြိတ်မြို့ ရေပုန်းရပ်ကွက်က ၁ နှစ် ၂ လ အရွယ် ကလေးငယ်တဦး နေမကောင်းဖြစ်လို့ စစ်ဆေးရာ ဧပြီ ၂၂ ရက်မှာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာအဖြစ် အတည်ပြုပြီး ကလေးငယ်နဲ့ ဆက်စပ်သူ တဦးကို ထပ်မံစစ်ဆေးရာ ကိုဗစ်ကူးစက်ခံထားရတယ်လို့တွေ့ရှိရတဲ့အတွက် မြိတ်မြို့မှာ ကိုဗစ်အတည်ပြုလူနာ တရက်တည်း ၂ ဦး ရှိခဲ့ပါတယ်။
မြိတ်မြို့က ကိုဗစ်အတည်ပြုလူနာ ၂ ဦးကို မြိတ်ဆေးရုံမှာ ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။
သင်္ကြန်ပွဲတော်ကာလအပြီး ဧပြီ ၁၉ ရက်နောက်ပိုင်း တနင်္သာရီတိုင်း အပါအဝင် နိုင်ငံတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ ဆက်တိုက် စစ်ဆေးတွေ့ရှိနေရတာဖြစ်ပါတယ်။