ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်မှာ နေထိုင်တဲ့ ဧရာဝတီတိုင်း ဒုတိုင်းရဲတပ်ဖွဲ့မှူးရဲ့နေအိမ်ခြံထဲမှာ ဧပြီ ၂၂ ရက်နေ့ ည ၉ နာရီလောက်က ဗုံး ၂ လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့ ဒုတိုင်းရဲတပ်ဖွဲ့မှူးရဲ့ နေအိမ်ဟာ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ စစ်သားစုဆောင်းရေးတပ်ကြားမှာရှိတဲ့ နေအိမ်ဖြစ်တာကြောင့် အဝေးထိန်း စနစ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
''အဝေးထိန်းစနစ်နဲ့ ၂ လုံးဖောက်ခွဲခဲ့ပါတယ်၊ ရဲဘော်တွေအားလုံး ဘေးကင်းတဲ့နေရာ ပြန်ရောက်ပါပြီ။ ခုတော့ အဲ့နားမှာ လုံခြုံရေးတင်းတင်းကြပ်ကြပ်နဲ့ ပိတ်ဆို့စစ်ဆေးနေပါတယ်'' လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ဗုံးဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတဲ့ ဒုတိုင်းရဲတပ်ဖွဲ့မှူးဟာ စစ်ကောင်စီတပ်ဘက်က အာဏာမသိမ်းခင်က အသွင်ကူပြောင်းလာသူလည်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့အသိုက်အဝန်းက သိရပါတယ်။
CCTV တွေ တပ်ဆင်ထားတဲ့ ဒုတိုင်းရဲတပ်ဖွဲ့မှူးနေအိမ်ဟာ တိုင်းရဲတပ်ဖွဲ့ရုံးနဲ့ ကား ၅ မိနစ်မောင်းသွားရတဲ့ အကွာအဝေးမှာရှိပြီး လုံခြုံရေးတင်းကြပ်ထားတဲ့နေရာလည်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။