DVB Logo
Home
မြန်မာသတင်း
ကုန်ထုတ်လုပ်ငန်းများ စက်သုံးဆီဝယ်ယူနိုင်ရေး ကုန်သည်စက်မှုအသင်းချုပ် စီစဉ်ပေးမည်
DVB
·
April 21, 2023
ကုန်ထုတ်လုပ်ငန်းများ စက်သုံးဆီဝယ်ယူနိုင်ရေး ကုန်သည်စက်မှုအသင်းချုပ် စီစဉ်ပေးမည်
Donate to DVB

ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေအတွက် လိုအပ်တဲ့ စက်သုံးဆီကို အလွယ်တကူ ဝယ်ယူနိုင်ဖို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) က ဦးဆောင်ပြီး စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။

အကြောင်းရင်းကတော့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုနဲ့အတူ စီးပွားရေးကလည်း ချွတ်ခြုံကျလာတဲ့အပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ အတွက် လိုအပ်တဲ့ လျှပ်စစ်မီးကလည်း အလုံအလောက် မရရှိတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါကြောင့် ကုန်ထုတ်လုပ်မှုရှိနေတဲ့ လုပ်ငန်းရှင်တွေဟာ လျှပ်စစ်မီး အလုံအလောက် မရတာကို ဖြေရှင်းနိုင်ဖို့အတွက် လက်ရှိမှာတော့ ဂျင်နရေတာစက်တွေနဲ့ အစားထိုးပြီး လုပ်ငန်းကို လည်ပတ်နေပါတယ်။ ဒီ့အတွက် လိုအပ်တဲ့ စက်သုံးဆီကို ခက်ခက်ခဲခဲနဲ့ လိုက်လံရှာဖွေနေရတာကြောင့် ကုန်သည်စက်မှုအသင်းချုပ်က ဦးဆောင်ပြီး အလွယ်တကူ ဝယ်ယူနိုင်ဖို့ နည်းလမ်းရှာနေကြတာပါ။

ဒါနဲ့ပတ်သက်ပြီး ကုန်သည်စက်မှုအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က “လုပ်ငန်းသုံးအတွက် လိုအပ်တဲ့ စက်သုံးဆီကို အလွယ်တကူ ဝယ်ယူနိုင်ဖို့ လျှောက်ထားရာမှာ သတ်မှတ်ထားရှိတဲ့ Google Sheet မှာ တိကျမှန်ကန်စွာ ဖြည့်သွင်းပေးကြဖို့ လိုပါတယ်။ ဒါကြောင့် ဇုန်ပြင်ပမှ လျှောက်ထားမယ့် စီးပွားရေး လုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းမှာ မိမိတို့ရဲ့ သက်ဆိုင်ရာ အသင်းထောက်ခံချက်နဲ့ လျှောက်ထားရမှာဖြစ်ပြီး Google Sheet မပို့ခင်မှာလည်း အချက်အလက်တွေ မှန်ကန်စေဖို့ ပြန်လည်စစ်ဆေးပေးစေလိုကြောင်းနဲ့ အားလုံးပူးပေါင်းပါဝင် ကြိုးစားဆောင်ရွက်မယ် ဆိုပါက အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း” ဧပြီ ၂၀ ရက်က ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာ ပြုလုပ်ခဲ့တဲ့ စက်သုံးဆီဝယ်ယူရေး ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီအစီအစဉ်ဟာ အခုမှ စတင်စမ်းသပ်မှာဖြစ်တာကြောင့် အလုပ်ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာကိုတော့ ပြောလို့မရနိုင်သေးဘူးလို့ ကုန်ထုတ်လုပ်မှုလုပ်ငန်းရှင်တွေက ဆိုပါတယ်။

“သူတို့ဆီ အချက်အလက်တွေပို့ပြီး လျှောက်ရမယ်ပေါ့။ ဒါပေမဲ့ အခုဟာက စမ်းသပ်တဲ့အဆင့်ပဲ ရှိပါသေးတယ်။ ဆိုတော့ အလုပ်ဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာ ကျနော်တို့လည်း မသိရသေးတော့ ဘာဖြစ်မလဲဆိုတာ မပြောနိုင်သေးဘူးဗျ။ လက်ရှိအခြေအနေမှာတော့ ကျနော်တို့လုပ်ငန်းတွေအတွက် ဂျင်နရေတာစက်တွေနဲ့ လည်ပတ်ဖို့ လိုအပ်တဲ့ စက်သုံးဆီကို လိုက်ဝယ်ရတဲ့ဟာက တော်တော်လေးတော့ ခက်ခဲပါတယ်။ အဲဒီတော့ ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက်က ကျနော်တို့မှာ ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်ထည့်ရမယ့် သဘော ရှိနေတယ်။ ဘာလို့လဲဆိုတော့ လက်ရှိအခြေအနေက ကျနော်တို့မှာ ဆိုလာပဲ ရွေးချယ်စရာ ကျန်တော့တယ်။ ကျနော်တို့ရဲ့ ထွက်ပေါက်က ဆိုလာနဲ့ သုံးမလား၊ ဒါမှမဟုတ် စက်သုံးဆီကိုပဲ ဒုက္ခခံပြီး လိုက်ရှာဝယ်မလား။ ဒါပဲ ရှိတော့တယ်” လို့ လုပ်ငန်းရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

စက်မှုကုန်ထုတ်လုပ်ငန်းတွေမှာ လျှပ်စစ်မီး အလုံအလောက် မရတဲ့အတွက် ကုန်ကျစရိတ်တွေဟာ ထပ်တိုးလာတယ်ဆိုပေမဲ့ လုပ်ငန်းရှင်တွေကတော့ လုပ်ငန်း ရပ်တန့်မသွားအောင် ရုန်းကန်နေကြပါတယ်။

“ကိုယ့်ရဲ့လုပ်ငန်းက ဘယ်လောက် capacity ရှိလဲပေါ့။ အဲဒီအပေါ်မှာ တယောက်နဲ့တယောက် ကုန်ကျစရိတ်က ကွာတာပေါ့။ ဒါပေမဲ့ သေချာတာတခုကတော့ဗျာ အစိုးရလျှပ်စစ်ထက်တော့ ပိုကုန်တာပေါ့။ ဒါက ငြင်းလို့မရတဲ့ ကိစ္စဗျာ။ ဥပမာ ဟိုတယ်လုပ်ငန်းတခုအနေနဲ့ ပြောရရင် ဧည့်သည်တွေအနေဖြင့် အခန်းတွေဆီဝင်လာတဲ့ ငွေကြေးထက် ဟိုတယ်မှာ ဧည့်သည်တွေအတွက် အဲကွန်းတွေဖွင့်ပေးဖို့ ဂျင်နရေတာစက်လည်ဖို့ သုံးရတဲ့စရိတ်က ပိုကုန်တယ်။ အဲ့တော့ မဖြစ်မနေ လုပ်နေတဲ့ဟာတွေက ရှုံးသော်ငြားလည်း လည်ပတ်နေရတဲ့ အခြေအနေတွေ ရှိနေတယ်။ ပြီးတော့ ကျနော်တို့ ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေအနေနဲ့က ရွေးချယ်စရာ မရှိတော့ဘူးဗျ။ ရွေးချယ်စရာ မရှိဘူးဆိုတာ ကျနော်တို့လုပ်ငန်းတွေကို ရပ်တန့်ထားလို့ မရဘူး။ ကျနော်တို့ ရပ်တန့်ထားလို့ရှိရင် ကျနော်တို့ လုပ်သားတွေအတွက် ဝင်ငွေတွေ မရကြတော့ မိသားစုတွေပါ အကုန်လုံး ဒုက္ခရောက်ကုန်ကြမှာ” လို့ လုပ်ငန်းရှင်က ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူ့လက်ထက်မှာ တိုင်းပြည်စီးပွားရေးက အရင်နှစ်တွေကထက် သုံးရာခိုင်နှုန်း တိုးတက်မှုရှိလာတဲ့အပြင် အခုနှစ်မှာလည်း ပြည်တွင်းမှာ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေဟာ ပုံမှန်အခြေအနေ ရောက်လာပြီ ဖြစ်တာကြောင့် ဒီနှစ်မှာလည်း တိုးတက်မှုရှိမယ်လို့ ပြောဆိုနေပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးအပေါ် လေ့လာသုံးသပ်ထားတဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ စီးပွားရေး မရေရာမှုတွေ၊ ပဋိပက္ခတွေနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေနိုင်တာကြောင့် ကာလတိုအနေနဲ့ မြန်မာ့စီးပွားရေးဟာ ပြန်လည်သက်ဝင်လာဖို့က နှေးကွေးနေဆဲ ရှိနေမယ့်အပြင် ၂၀၂၃ ခုနှစ် အလွန်မှာလည်း မသေချာ မရေရာမှု အခြေအနေတွေနဲ့ ဆက်လက်မြင့်တက်နေဦးမယ်လို့ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013