DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း ဓာတ်ဆီဆိုင်ငယ်များတွင် စက်သုံးဆီ ပြတ်လပ်
DVB
·
April 20, 2023
မြန်မာပြည်တွင်း ဓာတ်ဆီဆိုင်ငယ်များတွင် စက်သုံးဆီ ပြတ်လပ်
Donate to DVB

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက စက်သုံးဆီတွေကို ခွဲတမ်းနဲ့ချပေးရာမှာ မျှတမှု မရှိတာကြောင့် ဆီဆိုင်ငယ်တွေမှာ မကြာခဏ စက်သုံးဆီ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ လုပ်ငန်းငယ်သမားတွေက ပြောပါတယ်။

ဒါ့အပြင် အခြားတဘက်မှာလည်း စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက ပြည်တွင်းရှိ စက်သုံးဆီ အရောင်းဆိုင်တွေအနေနဲ့ တဦးချင်း လာရောက်ဝယ်ယူသူတွေအတွက် ဆိုင်မှာ ရောင်းဖို့မရှိဘဲ စက်သုံးဆီ ပြတ်လပ်မှု ရှိခဲ့ရင် အရေးယူခံရမယ်လို့ ဖိအားပေးထားပါတယ်။

ဒီ့အတွက်ကြောင့် စက်သုံးဆီကို ခွဲတမ်းနဲ့ ချပေးရာမှာ မျှမျှတတ ခွဲဝေပေးဖို့ လုပ်ငန်းငယ် ဆီဆိုင်သမားတွေက ဆန္ဒရှိနေကြပါတယ်။

မန္တလေးအခြေစိုက် စက်သုံးဆီလုပ်ငန်းရှင်တဦးက “ကျနော်တို့ကို ဘီအို ခွဲတမ်းနဲ့ချပေးတာပဲ။ အရင်က တပတ်ကို နှစ်ကြိမ်။ အခုတော့ ၅ ရက်ကို တကြိမ် တခါတည်း အပြီးထုတ်ပေါ့နော်။ ပြီးတော့ ခွဲတမ်းနဲ့ပတ်သက်ပြီး သူတို့က ဒီနေ့ ဒီပုံစံ ဆိုပေမဲ့ နောက်လကျရင် နောက်တမျိုးပုံစံ ဖြစ်ရင် ဖြစ်သွားတာ။ အဲ့တော့ ကျနော်တို့မှာ အဆင်မပြေတာတွေက အများကြီးပဲ။ ဒါပေမဲ့ အဆင်ပြေတဲ့သူ မရှိဘူးလားဆိုရင် အဆင်ပြေတဲ့သူတွေက တင်သွင်းခွင့်ရတဲ့ ကုမ္ပဏီတွေပဲ။ ပြီးတော့ သူတို့ဆိုင်တွေမှာ သူတို့ဆီနဲ့ သူတို့ခွဲတမ်းနဲ့ ဘယ်လို ယူကြလဲတော့ မသိဘူး။ သူတို့ ပြောတာတော့ ဘီအိုနဲ့ခွဲတာပဲလို့ ပြောတာပဲ။ ဒါပေမဲ့ သူတို့ဆိုင်တွေကတော့ ဆီမပြတ်တာ များပါတယ်။ ကျနော်တို့ပဲ ဆီပြတ်တာ များတယ်။ အဲ့တော့ ကျနော်တို့က ထိန်းပြီး ရောင်းနေရတယ်။ ကိုယ့်ဆီမှာ ကျန်တဲ့ ဆီလက်ကျန်နဲ့လေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီ့အပြင် စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် လုပ်ဆောင်နေတယ် ဆိုပေမဲ့ စက်သုံးဆီတင်သွင်းခွင့်ရတဲ့ ကုမ္ပဏီကြီးတွေ ကောင်းစားရေးအတွက်သာ ဖြစ်နေတယ်လို့ လုပ်ငန်းငယ် ဆီဆိုင်လုပ်ငန်းရှင်တွေက ထောက်ပြထားပါတယ်။

“ကျနော်ဆိုရင် ပြီးခဲ့တဲ့နှစ်က သိန်း တထောင်ကျော် ရှုံးတယ်။ ကားက သွားသယ်ရမယ့် နေရာ မရောက်သေးဘူး။ လမ်းမှာတင် ရှုံးတာ။ ဘာလို့လဲဆို ဆီကို ကျနော်တို့က ရန်ကုန်အထိ သွားသယ်ရတာ။ ရန်ကုန်ကနေ ဒီကို ပြန်ရောက်ဖို့ အချိန် တပတ်ကြာတယ်။ အဲဒီတပတ်အတွင်းမှာ ဆီဈေးက ၁လီတာကို ၅၀ ၊ ၁၀၀ ကွာသွားတာနဲ့ ရှုံးရော။ ဒါကြောင့် ကျနော်တို့ ဖြစ်စေချင်တာက ဈေနှုန်းတခုကို တပတ် ဒါမှမဟုတ် ၁၅ ထားတာမျိုးပေါ့။ အခုဟာက ကမ္ဘာ့ဈေးတက်လို့ တက်ဈေးဆိုပြီး လုပ်တာက ဘာမှ မထူးဘူး။ အဲ့လိုလုပ်တာ ကုမ္ပဏီကြီးတွေပဲ ကောင်းစားသွားတာ။ ကျနော်တို့က သူတို့ဆီကနေ တဆင့်ပြန်ယူရတာ။ အဲ့တော့ စားသုံးသူအတွက်လဲ အဆင်မပြေဘူး။ ပြီးတော့ လုပ်ငန်းငယ် ဆီဆိုင်တွေလဲ မခံနိုင်တော့လို့ ပိတ်သွားတာတွေ အများကြီးပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ရန်ကုန်ဈေးကွက်အတွက် ဒီကနေ့ ဧပြီ ၂၀ ရက်အတွက် သတ်မှတ်ထားတဲ့ စက်သုံးဆီဈေးနှုန်းတွေက ၁လီတာကို အောက်တိန်း(၉၂) ၂၁၂၅ ကျပ်၊ အောက်တိန်း(၉၅) ၂၂၂၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) ၂၀၃၀ ကျပ် နဲ့ ဒီဇယ်(ပရီမီယံ) ၂၁၁၀ ကျပ် အသီးသီး ရှိပါတယ်။

အလားတူ မန္တလေးဈေးကွက်အတွက် စက်သုံးဆီဈေးနှုန်းတွေက ၁လီတာကို အောက်တိန်း (92) ၂၁၇၅ ကျပ်၊ အောက်တိန်း (95) ၂၂၇၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) ၂၀၈၀ ကျပ်နဲ့ ဒီဇယ်(ပရီမီယံ) ၂၁၆၀ ကျပ် အသီးသီးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013