DVB Logo
Home
မြန်မာသတင်း
စီးပွားရေး ပိုတိုးတက်လာမည်ဟု စစ်ခေါင်းဆောင်ပြောဆိုချက်အပေါ် လုပ်ငန်းရှင်များဝေဖန်
DVB
·
April 19, 2023
စီးပွားရေး ပိုတိုးတက်လာမည်ဟု စစ်ခေါင်းဆောင်ပြောဆိုချက်အပေါ် လုပ်ငန်းရှင်များဝေဖန်
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင်က အခုနှစ်ဟာ အရင်နှစ်တွေထက် စီးပွားရေးတိုးတက်မှု ပိုအားကောင်းလာမယ်လို့ အပြည့်အဝ ယုံကြည်တဲ့အကြောင်း ပြောဆိုလိုက်ပေမဲ့ လုပ်ငန်းရှင်တွေကတော့ အခုနှစ်မှာလည်း ဆိုးဝါးတဲ့အဖြစ်မျိုးနဲ့ မကြုံဖို့သာ မျှော်လင့်တဲ့အကြောင်း တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျနော်တို့နိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်းက စီးပွားရေးအကျပ်အတည်းတွေ ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ကျနော်တို့ ပြည်တွင်းအားတွေ စုစည်းမှု ကောင်းလာတာကြောင့် ကုန်ထုတ်လုပ်မှုတွေ ကောင်းမွန်လာတဲ့အကြောင်း၊ ဒီ့နောက် နယ်စပ်ကုန်သွယ်မှုကိုလည်း အတိုင်းအတာ တခုအထိ ဖွင့်လှစ်လာနိုင်ခြင်းကြောင့် လုပ်ငန်းတွေ ပြန်လည် လည်ပတ်လာနိုင်ပြီး နိုင်ငံရဲ့စီးပွားရေးဟာ အနုတ်လက္ခဏာကနေ အပေါင်း ၃ ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့တယ်။ ဒါကြောင့် ထုတ်ကုန်တွေ ပိုမိုတင်ပို့နိုင်ဖို့ ကျနော်တို့ပြည်သူတွေက ပိုမိုကြိုးပမ်းဆောင်ရွက်ခဲ့ရင် ဒီနှစ်ဟာ ယခင်နှစ်တွေကထက် စီးပွားရေးတိုးတက်မှု ပိုမိုအားကောင်းလာမယ်လို့ အပြည့်အဝ ယုံကြည်တဲ့အကြောင်း” ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်က ပြောဆိုခဲ့တာပါ။

ဒါပေမဲ့ ပြည်တွင်းက လုပ်ငန်းရှင်တွေကတော့ အရင်နှစ်တွေမှာ ကြုံခဲ့ရသလို ဆိုးဝါးတဲ့ အဖြစ်မျိုးနဲ့ မကြုံဖို့သာ မျှော်လင့်နေရတယ်လို့ တုံ့ပြန်ထားပါတယ်။

“ပြီးခဲ့တဲ့ ၂၀၂၁၊ ၂၀၂၂ ကာလတွေမှာ ကျနော်တို့ စိုးတထိတ်ထိတ်နဲ့ လုပ်ခဲ့ကြရတယ်။ အခု ၂၀၂၃ မှာလည်း ဘာပဲဖြစ်ဖြစ် စီးပွားရေးကို ကျနော်တို့ မလုပ်ဘဲ နေလို့မရဘူး။ တခုခုတော့ လုပ်ကို လုပ်ရဦးမယ်။ ဘာလို့လဲဆို မလုပ်ဘဲနေတာ ကြာလာလို့ရှိရင် အလုပ်မရှိကြတဲ့အတွက် လူတွေ ငတ်ကုန်ကြမယ်လေ။ အဲ့တော့ အလုပ်ဖြစ်အောင်ဆိုတဲ့ သဘောနဲ့ လုပ်ငန်းရှင်တော်တော်များများက အလုပ်လုပ်နေကြတာပါ။ ပြီးတော့ အပြောင်းအလဲတခု ဆိုတာကလည်း အချိန်ကာလတခုအထိတော့ ကြာနိုင်တယ်ဆိုတာ စီးပွားရေးလုပ်ငန်းရှင် အတော်များများ လက်ခံထားကြတယ်။ အဲ့လို လက်ခံထားကြတယ် ဆိုပေမဲ့ ဆိုးဝါးတဲ့အဖြစ်မျိုးနဲ့တော့ မကြုံပါစေနဲ့လို့တော့ မျှော်လင့်နေရတယ်။ ဘာလို့လဲဆိုတော့ အရှေ့မှာ လုပ်ငန်းတွေ အများကြီးပဲ ရပ်စဲသွားတာ ရှိခဲ့တာလေ” လို့ လုပ်ငန်းရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က စီးပွားရေးမြှင့်တင်မှုတွေ ဆောင်ရွက်ရာမှာ ခိုင်မာတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့လိုအပ်ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို အားပေးခြင်းဟာ နိုင်ငံ့စီးပွား မြှင့်တင်ရေးကို အားပေးခြင်းဖြစ်တာကြောင့် MSME လုပ်ငန်းတွေကိုလည်း အားပေးဆောင်ရွက်လျက် ရှိပါတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တနိုင်တပိုင် လုပ်ကိုင်နေတဲ့ အသေးစားလုပ်ငန်းရှင်တဦးကလည်း မျှော်လင့်ချက် မရှိဘဲ လုပ်ကိုင်နေရတဲ့အကြောင်း အခုလို မှတ်ချက်ပေးပါတယ်။

“ကျနော်တို့အခြေအနေက မလုပ်ဘဲနဲ့နေရင်လည်း ကြာလာရင် ငတ်ဖို့ပဲရှိတော့တယ်။ နောက်တပိုင်းက လုပ်နေရင်းနဲ့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ရင် ဒါမှမဟုတ် မမျှော်လင့်ထားတာတွေ ဖြစ်လာခဲ့ရင်ပေါ့။ ဘာလို့လဲဆို ကျနော်တို့မှာ သေချာတဲ့ မျှော်လင့်ချက်ဆိုတာ ဘာတခုမှမရှိဘူး။ ဒါက လက်ရှိအခြေအနေ။ မလုပ်မဖြစ်လို့သာ လုပ်နေရတယ်။ လုပ်မှပဲ ဖြစ်မယ်ဆိုတဲ့ အခြေအနေမျိုးနဲ့  လုပ်နေကြရတာ။ မျှော်လင့်ချက် ကောင်းလွန်အားကြီးလို့ လုပ်ကြတဲ့ဟာက ဘာမှမရှိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးအပေါ် လေ့လာသုံးသပ်တဲ့ အစီရင်ခံစာတွေအရ မြန်မာနိုင်ငံမှာ စီးပွားရေးမရေရာမှုတွေ၊ ပဋိပက္ခတွေနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေနိုင်တာကြောင့် ကာလတိုအနေနဲ့ မြန်မာ့စီးပွားရေးဟာ ပြန်လည်သက်ဝင်လာဖို့က နှေးကွေးနေဆဲ ရှိနေမယ့်အပြင် ၂၀၂၃ ခုနှစ် အလွန်မှာလည်း မသေချာ မရေရာမှု အခြေအနေတွေနဲ့ ဆက်လက်မြင့်တက်နေဦးမယ်လို့ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013