DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်၏ မိသားစုပိုင် ကွန်ဒိုနှင့်ဘဏ်စာအုပ် သိမ်းဆည်းခံထားရမှု ပြန်ရုပ်သိမ်းပေးရန် ညှိနှိုင်းသည့်အပေါ် ထိုင်းလွှတ်တော်အမတ် ကန့်ကွက်
DVB
·
April 18, 2023
စစ်ခေါင်းဆောင်၏ မိသားစုပိုင် ကွန်ဒိုနှင့်ဘဏ်စာအုပ် သိမ်းဆည်းခံထားရမှု ပြန်ရုပ်သိမ်းပေးရန် ညှိနှိုင်းသည့်အပေါ် ထိုင်းလွှတ်တော်အမတ် ကန့်ကွက်
Donate to DVB

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးတို့ပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်က ကွန်ဒိုတိုက်ခန်းနဲ့  ဘဏ်စာရင်းစာအုပ်ကို လက်နက်ပွဲစား ခရိုနီသူဌေး ဦးထွန်းမင်းလတ်နဲ့ ဆက်နွှယ်တယ်ဆိုပြီး ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းထားတဲ့အပေါ် ပြန်လည်ရုပ်သိမ်းပေးဖို့ စစ်ခေါင်းဆောင်က တောင်းဆိုညှိနှိုင်းမှုတွေရှိနေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ထိုင်း Move Forward Party လွှတ်တော်အမတ် နိုင်းရန်းဆီမန်းရုန်း ကတော့ ဦးထွန်းမင်းလတ်ရဲ့ အမှုဟာသိသာထင်ရှားတဲ့အမှုဖြစ်ပြီး သူဟာ မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နီးစပ်သူဖြစ်တယ်ဆိုတာအားလုံးအသိဖြစ်တယ်၊ တောင်းဆို ညှိနှိုင်းမှုတွေလိုက်လျောပြီး သူတို့ပိုင်ဆိုင်မှုတွေပြန်ပေးလိုက်ရင် ထိုင်းနိုင်ငံရဲ့ တရားစီရင်မှု အချုပ်အခြာအာဏာကို တခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်တာကို လက်ခံလိုက်တဲ့ သဘောပဲလို့ ပြောပါတယ်။

“ဒီအမှုဟာ နိုင်ငံတကာရာဇဝတ်မှု၊ မူးယစ်ဆေးဝါးနဲ့ ငွေကြေးခဝါချမှုတွေနဲ့ ဆက်နွှယ်နေ တာဖြစ်တယ်၊ နိုင်ငံတကာကလည်း   ထိုင်းနိုင်ငံဟာ မူးယစ်ဆေးဝါးနဲ့ အကြမ်းဖက်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံနဲ့ နီးစပ်မှုရှိတာလား၊ ပတ်သက်နေတာလားဆိုပြီး မေးခွန်းထုတ်စရာရှိတယ်။ ထိုင်းနိုင်ငံရဲ့ဥပဒေအရ မိမိအချုပ်အခြာအာဏာထဲမှာ သံသယရှိတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခွင့်ရှိတယ်၊ ဥပဒေအတိုင်းဆောင်ရွက်ရမယ်”လို့  လွှတ်တော်အမတ် နိုင်းရန်းဆီမန်းရုန်းက ပြောပါတယ်။

မြန်မာခရိုနီ လက်နက်ပွဲစား ဦးထွန်းမင်းလတ်ရဲ့ Allure Group ကုမ္ပဏီနဲ့ ဆက်စပ်တယ်ဆိုပြီး တရားစွဲခံထားရတဲ့ ထိုင်းအထက်လွှတ်တော်အမတ် နိုင်းဥပကစ်ပါကျရိယန်ကွန်းရဲ့ အမှုကို တရားရုံးက သင်္ကြန်အပြီးမှာ စစ်ဆေးမယ်လို့ မူလကချိန်းဆိုထားပေမဲ့ နောက်ထပ် ရက်ရွှေ့ဆိုင်းလိုက်တဲ့အပေါ်မှာ Move Forward Party လွှတ်တော်အမတ် နိုင်းရန်းဆီမန်းရုန်း က ဧပြီ ၁၇ ရက်မှာ သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်လိုက်သလို ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် သားနဲ့သမီးပိုင်ဆိုင်မှုကိစ္စကိုပါ ထည့်သွင်းပြောကြားခဲ့တာပါ။

မြန်မာစစ်တပ်က လေယာဉ်ပေါ်ကနေ ဗုံးကြဲချတဲ့အကြမ်းဖက်မှုကြောင့် ကျောင်းသားငယ်လေး တွေအပါအဝင်  လူပေါင်း ၁၇၀ ကျော်ထိခိုက်သေဆုံးခဲ့တဲ့ ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီးလည်း အဆိုပါသတင်းစာရှင်းပွဲမှာ လွှတ်တော်အမတ် နိုင်းရန်းဆီမန်းရုန်းက ပြောသွားပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့တောင်းဆိုမှုကို လိုက်လျောမယ်ဆိုရင် အကြမ်းဖက်ခံရတဲ့ မြန်မာပြည်သူ တွေရဲ့မျက်နှာ  ထောက်ရှုငဲ့ညာဖို့ ပြောဆိုခဲ့ပါတယ်။ 

ထိုင်းဗဟိုတရားရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်းကိုးဆုတ်ဝပ် အင်ထုကျန်းရုန်းကတော့ အထက်လွှတ်တော်အမတ် နိုင်းဥပကစ်ရဲ့အမှုရက်ချိန်းကို ရွှေ့ဆိုင်းလိုက်တာဟာ - နိုင်းဥပကစ်က ဧပြီ ၃ ရက်က ဗဟိုတရားရုံးချုပ်ကို စာပို့ထားတာရှိတယ်၊ အဲဒီစာထဲမှာ မူးယစ်တရားခံတွေ ငွေလွှဲခဲ့တာဟာ Allure ကုမ္ပဏီတစ်ခုတည်းမကဘဲ တခြားကုမ္ပဏီကနေလည်း လွှဲခဲ့တယ်၊  ဘာကြောင့် သူတို့ကုမ္ပဏီကိုဘဲဦးတည်အရေးယူတာလဲ၊ သူဟာ ဝန်ကြီးချုပ်ပရာယုဒ် ကျန်အိုချားရဲ့ လူမ့်ထိုင်းဆန့်ချတ်ပါတီရုံးခန်းအတွက် မြေကွက်နဲ့ အဆောက်အဦ ထောက်ပံ့ခဲ့တယ်။ ဒါကြောင့် နိုင်ငံရေးအရ တိုက်ခိုက်ခံနေရသလားဆိုတာကို ပြန်လည်စိစစ်ပေးဖို့ တောင်းဆို ထားတယ်။

ပြီးတော့ သူပိုင်ဆိုင်တဲ့ သူနဲ့ဆက်စပ်နေတဲ့ ကုမ္ပဏီပေါင်း ၈၀ ကျော်ကို အထူးစုံစမ်းရေးကော်မတီ၊ စသုံးလုံးရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းစစ်ဆေးနေတာ မပြီးပြတ်သေးလို့ အမှုရက်ချိန်းရွှေ့ထားရတာလို့ သတင်းထောက်တွေကို ပြောပါတယ်။

လွှတ်တော်အမတ် နိုင်းရန်းဆီမန်းရုန်းက “တရားရုံးအနေနဲ့ နိုင်းဥပကစ်ရဲ့ အမှုကို ပြစ်မှုထင်ရှားတဲ့ ထွန်းမင်းလတ်အမှုနဲ့ ယှဉ်တွဲလုပ်ဆောင်ရမှာဖြစ်တယ်၊ ကုမ္ပဏီပေါင်း ၈၀ ကိစ္စ နောက်မှစစ်ဆေးရမှာဖြစ်တယ်။ ဘာကြောင့်တုံ့ဆိုင်းနေတာလဲ၊ ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ လာဘ်စားမှု၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဌာနအနေနဲ့လည်း ဒီအမှုအပေါ်မှာ ကိုင်တွယ်ဆောင်ရွက်မှုနှောင့်နှေးကြန့်ကြာနေတယ်”လို့  ဝေဖန်လိုက်ပါတယ်။ 

နိုင်းဥပကစ် နဲ့ ဦးထွန်းမင်းလတ်တို့ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက တာချီလိတ်နဲ့ မယ်ဆိုင်မှာ ဟိုတယ်လုပ်ငန်း၊ ကာရာအိုကေ၊ ကာစီနိုကစားဝိုင်းနဲ့ လျှပ်စစ်ဓာတ်အား ရောင်းဝယ် ဖြန့်ဖြူးရေးတွေ အတူတကွလုပ်ကိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း နိုင်းဥပကစ်က အဆိုပါလုပ်ငန်းတွေကို သမက်ဖြစ်သူထံ လွှဲပြောင်းပေးခဲ့ပြီး သူကတော့ နိုင်ငံရေးလောကထဲပါဝင်ကာ အထက်လွှတ်တော်အမတ်ဖြစ်လာ ခဲ့ပါတယ်။ 

ထိုင်းမှာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က မူးယစ်ဆေးဝါးဂိုဏ်းတွေဖမ်းဆီးရမိခဲ့ပြီး သူတို့ငွေစာရင်းတွေ ပြန်လည်စစ်ဆေးရာမှာ Allure ကုမ္ပဏီထဲကို ငွေကြေးအမြောက်အမြားလွှဲထားတာတွေ့ရှိလို့ ကုမ္ပဏီပိုင်ရှင် ဦးထွန်းမင်းလတ်၊ သူ့ကိုယ်ရေးအရာရှိ၊ ကုမ္ပဏီမန်နေဂျာ (နိုင်းဥပကစ်ရဲ့သားမက်)နဲ့ ကုမ္ပဏီစာရင်းကိုင်ဝန်ထမ်းတွေ ဖမ်းဆီးခံထားရပြီး ကုမ္ပဏီနဲ့ပတ်သက်သူတို့ရဲ့ ဘဏ်ငွေစုစာအုပ်၊ ကွန်ဒိုတိုက်ခန်း၊ မော်တော်ကား၊ ဟိုတယ်၊ မြေကွက်တွေပါတဲ့ ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၂၀၀၀ ကျော်သိမ်းဆည်းခံထားရပါတယ်။

အဆိုပါ အသိမ်းခံထားရတဲ့ ပိုင်ဆိုင်မှုတွေထဲမှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံရဲ့အမည်ပေါက် ကွန်ဒိုတိုက်ခန်းနဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန်ရဲ့ ထိုင်းငွေစုဘဏ်စာအုပ်တွေပါ ပါဝင်နေပါတယ်။

ဦးထွန်းမင်းလတ်နဲ့ နိုင်းဥပကစ်တို့ဟာလည်း မူးယစ်ဆေးဝါးနဲ့ဆက်နွှယ်မှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံတကာရာဇဝတ်မှုနဲ့ ပတ်သက်မှုတွေနဲ့ တရားစွဲခံထားရတာပါ။ 

ကိုးကား - Nation TV / Thai PBS / Workpoint News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013