DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ရှမ်းရွေ့ပြောင်းလုပ်သား သားအမိ အသတ်ခံရ၊ လူသတ်သမားအား ဆုငွေ ဘတ် ၁ သိန်းကျော်ထုတ်
DVB
·
April 13, 2023
ထိုင်းတွင် ရှမ်းရွေ့ပြောင်းလုပ်သား သားအမိ အသတ်ခံရ၊ လူသတ်သမားအား ဆုငွေ ဘတ် ၁ သိန်းကျော်ထုတ်
Donate to DVB

ထိုင်းမြောက်ပိုင်း လမ်းပွန်းခရိုင်၊ လမ်းပွန်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံသား ရှမ်းရွှေ့ပြောင်းလုပ်သား သားအမိ ၂ ဦး အသတ်ခံခဲ့ရပြီးတဲ့နောက် လူသတ်သမားကို ဖမ်းမိဖို့ သတင်းပေးနိုင်သူကို ဘတ်ငွေ ၁၃၀၀၀၀ ဆုချမယ်လို့  ဆွေမျိုးတွေက ကြေညာထားပါတယ်။ 

ဧပြီလ ၁၀ ရက်က ဆောက်လုပ်ရေးအလုပ်သမ နန်းအုံ (၃၀ နှစ်)နဲ့ သားဖြစ်သူ စိုင်းမိုင်း ( ၄ နှစ် ) တို့ရဲ့ ရိုက်နှက်ထုထောင်းခံထားရတဲ့ အလောင်းကို တာဝန်ရှိသူတွေက လမ်းပွန်းမြို့ ဟိုဖိုင်ရက်ကွက်ရှိ အငှါးအိမ်ခန်း ၁ ခန်းမှာတွေ့ရှိခဲ့တာပါ။ 

သူ့ရဲ့ခင်ပွန်းသစ်ဖြစ်သူ စိုင်းထွန်းအောင် ခေါ် Sai Aik Hto  ( ၃၇ နှစ်) မှာ ဧပြီ ၇ ရက်နေ့ မနက်ကတည်းက နေအိမ်မှထွက်သွားပြီး ပြန်မလာတော့ဘဲ မိန်းမရဲ့ လက်ဝတ်လက်စားနဲ့ ငွေ အချို့ပါ ပျောက်ဆုံးနေသလို၊ ဒီမတိုင်ခင်ရှေ့ကလည်း လင်မယားနှစ်ယောက် စကားများထားကြလို့  ဆွေမျိုးတွေက သူ့ကိုလူသတ်သမားလို့တထစ်ချယူဆပြီး ရဲစခန်းကလည်း သံသယအရှိ ဆုံးသူအဖြစ် ပစ်မှတ်ထားကာ စုံစမ်းရှာဖွေနေတာ ဖြစ်ပါတယ်။ 

သေဆုံးသူရဲ့ မိဘဆွေမျိုးတွေဟာ ဧပြီ ၁၂ ရက်က လမ်းပွန်းရဲစခန်းမှာ မှုခင်း အခြေအနေလာရောက်မေးမြန်းရင်း လူသတ်သမားကို ဖမ်းမိအောင်သတင်းပေးနိုင်ရင် ဆုငွေ ဘတ် ၁ သိန်း ၃ သောင်းပေးမယ်လို့ ပြောခဲ့ပါတယ်။ 

သေဆုံးသူရဲ့ မွေးစားဖခင် ဦးစိုင်းဆောလိန် (၄၈ နှစ်)က နန်းအုံမှာ သူ့အမရဲ့သမီးဖြစ်ပြီး သူကသမီးရင်းလို မွေးစားကာ ချင်းမိုင်ခရိုင် ဖန်မြို့နယ်မှာ နေထိုင်ကြောင်း၊ နန်းအုံ အရွယ်ရောက်တော့ စိုင်းကောယဆိုသူနဲ့ အိမ်ထောင်ကျပြီး ၄ နှစ်ရွယ်သား ၁ ဦးရှိကြောင်း ၊ မနှစ်ကတော့ သူတို့လင်မယား သဘောထားမတိုက်ဆိုင်လို့ ကွာရှင်းပြီး ကလေးက အမေနဲ့ နေတယ်လို့ ဆိုပါတယ် ။ 

လွန်ခဲ့တဲ့ ၂ လကျော်က နန်းအုံကို  ဖေ့စ်ဘွတ်ခ်ပေါ်ကနေသိကျွမ်းချစ်ကြိုက်ခဲ့တဲ့ စိုင်းထွန်းအောင်က ဘတ်ငွေ ၃ သောင်းနဲ့ လာရောက်တင်တောင်းပြီး  သားအမိ  ၂ ယောက်လုံး လမ်းပွန်းမှာ လိုက်နေကြကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဆွေမျိုးရှင်လောင်းပွဲမှာ အဖေက သမီးဝတ်ဖို့ ၁ ဘတ်သားအလေးချိန်ရှိ ဆွဲကြိုး ၁ ကုံးဝယ်ပေးခဲ့ကြောင်း၊ အဲဒီနောက်ပိုင်း သူတို့သားအမိ အသတ်ခံရတော့ ဆွဲကြိုးအပြင် နန်းအုံရဲ့ကိုယ်ပိုင်ငွေတွေပါ ပျောက်ဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။ 

စိုင်းထွန်းအောင်ဟာ သူ့အရင်မိန်းမတွေကိုလည်း ရိုက်နှက်ပြီးပိုက်ဆံတွေလု ယူတဲ့ရာဇဝင်ရှိဖူးတော့ လူသတ်သမားအား သူဖြစ်ရမယ်လို့သံသယရှိကြောင်း၊ သမီးနဲ့ မြေးကို ရက်ရက်စက်စက်သတ်သွားတဲ့အပြင် နောက်ထပ်အခြားမိန်းကလေးတွေအတွက်လည်း အန္တရာယ်ရှိတာကြောင့် သူ့ကို  ဖမ်းဆီးအပြစ်ပေးစေလိုကြောင်း၊  အမြန်ဖမ်းမိဖို့အတွက် သူတို့ဆွေမျိုးတွေ တယောက်နည်းနည်း စီငွေစုပြီး သတင်းပေးနိုင်သူကို ဆုငွေ ဘတ် ၁ သိန်းပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ 

အလားတူ သေဆုံးသူကလေးရဲ့ ဖခင်ရင်း (နန်းအုံရဲ့ ခင်ပွန်းဟောင်း) ကလည်း နောက်ထပ် ဆုငွေ ဘတ် ၃ သောင်းပေးမယ်လို့ ပြောတာကြောင့် သတင်းပေးသူအနေနဲ့ ဘတ် ၁၃၀၀၀၀ ရရှိမှာ ဖြစ်ပါတယ်။

စိုင်းထွန်းအောင်ဟာ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ကွန်ကျေးရွာကဖြစ်ပြီး နန်းအုံကတော့ ရှမ်းတောင် နမ့်စန်မြို့နယ်ကဖြစ်ပါတယ်။

သေဆုံးသူတွေရဲ့ အလောင်းတွေကိုတော့ သင်္ကြန်ပြီးမှ သင်္ဂြိုဟ်မှာဖြစ်ပြီး စိုင်းထွန်းအောင်အား ရှာဖွေတွေ့ရှိပါက သူ့ရဲ့ဖုံးနံပါတ် 083 582 0902 ဒါမှမဟုတ် လမ်းပွန်းမြို့နယ်ရဲစခန်းနဲ့ တကွ နီးစပ်ရာရဲစခန်းတွေမှာ သွားရောက်အကြောင်းကြားနိုင်တယ်လို့  နာရေးကူညီပေးနေသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်က နန်းအုံတို့ရဲ့ အခန်းမှာ သော့ခတ်ထားပြီးအထဲမှာ အပုပ်နံ့တွေထွက်လာလို့ အိမ်နီးချင်းတွေက အိမ်ပိုင်ရှင်နဲ့ရဲကို အကြောင်းကြားခဲ့ပါတယ်၊ တာဝန်ရှိသူတွေက လာရောက်စစ်ဆေးရာမှာ ခုတင်ပေါ်မှာ ထုနှက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ သူတို့သားအမိကို တွေ့ရသလို အနီးနားမှာလည်း သွေးတွေပေကျံနေတဲ့ တူတစ်ချောင်းပါ တွေ့ခဲ့ပါတယ်။

စီစီကင်မရာ လိုက်လံစစ်ဆေးရာမှာ သူရဲ့ခင်ပွန်းဖြစ်သူ စိုင်းထွန်းအောင်ဟာ ဧပြီ ၇ ရက် မနက် ၄ နာရီက မီးခိုးရောင် တိုယိုတာဟိုင်းလပ်ကားမောင်းနှင်ထွက်ခွါသွားပြီး အဲဒီကတည်းက ပြန်မလာတော့ဘဲ ပျောက်ဆုံးနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013