DVB Logo
Home
မြန်မာသတင်း
မတ္တရာမြို့နယ် ကင်းရွာ မီးရှို့ခံရ၊ ဆိပ်ဖြူတွင် စစ်တပ်က နေအိမ် ၁ လုံးကို မီးရှို့ပြီး ဒေသခံ တဦးအား ရိုက်နှက်
DVB
·
April 11, 2023
မတ္တရာမြို့နယ် ကင်းရွာ မီးရှို့ခံရ၊ ဆိပ်ဖြူတွင် စစ်တပ်က နေအိမ် ၁ လုံးကို မီးရှို့ပြီး ဒေသခံ တဦးအား ရိုက်နှက်
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းကျေးရွာကို ဧပြီ ၁၁ ရက်နေ့ မနက်အစောပိုင်းမှာ စစ်အုပ်စုက မီးရှို့ခဲ့တယ်လို့ မတ္တရာဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မနက် ၆ နာရီ၊ မိနစ် ၄၀ လောက်မှာ အုန်းလွတ်ကျေးရွာကနေ လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တခုက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့‌တာကြောင့် စစ်ကောင်စီတပ်တွေက ကင်းရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

မနက် ၉ နာရီလောက်မှာ မီးရှို့ခဲ့ပြီး အဆိုပါကျေးရွာမှာ ဆက်လက်စခန်းချနေတာကြောင့် နေအိမ် ဘယ်လောက်ထိ မီးရှို့ခံခဲ့ရတယ်ဆိုတာ မသိသေးဘူးလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒေသခံတဦးက "စစ်ဘေးရှောင်တွေလည်း ကျနော်တို့ ကူညီနေရတာ ၁၂၀ လောက်ရှိတယ်။ ကျနော်တို့ စခန်းတော့ ဖွင့်မထားဘူးပေါ့။ သူတို့ ရှိတဲ့နေရာကို သွားပြီးတော့ ကျွေးမွေးတဲ့ ကိစ္စတွေလုပ်နေရတာ" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မတ္တရာနယ်အတွင်းက အုန်းလွတ်နဲ့ ကျောက်ဆည်လေးရွာမှာ တပ်စွဲထားသလို ကင်းကျေးရွာကိုလည်း မကြာခဏ ဝင်ရောက်မီးရှို့နေတာကြောင့် ဒေသခံတွေဟာ  ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ဒီရက်ပိုင်းမှာ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်းတလျှောက်မှာလည်း MI 35 တိုက်လေယာဉ်တွေနဲ့ လိုက်လံပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာလည်း ဧပြီ ၁၀ ရက်နေ့ညမှာ စစ်ကောင်စီတပ်က နေအိမ် ၁ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူ ၁ ယောက်ကို သေနတ်ဒင်နဲ့ ရိုက်နှက်ခဲ့တာကြောင့် အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိပ်ဖြူမြို့နယ် ထမ္မကောက်ရွာစာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်ဟာ ဧပြီ ၁၀ ရက်နေ့ ည ၁၀ နာရီလောက်မှာ နုံးပုံရွာ(ခေါ်)အောင်ချမ်းသာရွာကို  ကားနဲ့လာပြီး ဝင်ရောက်မွှေနှောက်ကာ နေအိမ် ၁ အိမ်ကို မီးရှို့ ဖျက်ဆီးခဲ့ကြတာလို့ နုံးပုံကျေးရွာ ဒေသခံတယောက်က ​ပြောပါတယ်။

ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်သားတွေက အသက် ၄၅ နှစ်အရွယ် ကိုအောင်ကျော်ဌေးကို သေနတ်ဒင်တွေနဲ့ရိုက်နှက်ခဲ့တာကြောင့် အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နီးစပ်ရာဆေးခန်းတခုမှာ ဆေးကုသပေးထားတယ်လို့ ဆိုပါတယ်။

နုံးပုံရွာ(ခေါ်)အောင်ချမ်းသာရွာမှာ အိမ်ခြေ ၆၀ ဝန်းကျင်လောက်ရှိပြီး စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာလို့ ပြည်သူ ၂၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်(...)တွေက ညဘက်ကြီး ရှောင်တခင်ဝင်လာတာဆိုတော့ ဘာမှကို ယူချိန်မရဘဲ ထွက်ပြေးခဲ့ရတာ။ စားဝတ်နေရေးတွေကတော့ အခက်ခဲဖြစ်တာပေါ။ လောလောဆယ်မှာတော့ အနီးပတ်ဝန်းကျင်ကျေးရွာတွေက စားရေးသောက်ရေးအတွက် စီစဥ်ပေးထားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းပိုက်ချိန်ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ မကွေးတိုင်အတွင်းကကျေးရွာတွေကို စစ်ကြောင်ထိုးပြီး မီးရှို့ဖျက်ဆီးခဲ့လို အိမ်ခြေပေါင်း ၉၀၁၉ လုံး မီးလောင်ဆုံးရှုံးခဲ့ကာ တနိုင်ငံလုံးအတိုင်းတာနဲ့ အိမ်ခြေပေါင်း ၆၀၄၅၉ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ Data For Myanmar က မတ် ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013