DVB Logo
Home
မြန်မာသတင်း
ဖလမ်းက စစ်တပ်စခန်း သိမ်းပိုက်ခံရ၊ မင်းတုန်းနှင့်မြိုင်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံးဒဏ်ရာရ
DVB
·
April 10, 2023
ဖလမ်းက စစ်တပ်စခန်း သိမ်းပိုက်ခံရ၊ မင်းတုန်းနှင့်မြိုင်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံးဒဏ်ရာရ
Donate to DVB

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်စခန်း ၁ခု သိမ်းပိုက်ခံရပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ဖလမ်းမြို့နယ်က စစ်ကောင်စီရဲ့ ဗာရ်းစခန်းကို ဧပြီ ၁၀ ရက် မနက် ၅ နာရီလောက်ကနေ စတင်တိုက်ခိုက်ခဲ့ပြီး အချိန် ၁ နာရီခွဲလောက်အကြာမှာ စခန်းတခုလုံးကို သိမ်းပိုက်မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNDF/CNO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုကျူံးငိုင်းက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၁၆ ယောက်လောက်သေဆုံးပြီး ၁၁ ယောက်လောက်ကို အရှင်ဖမ်းမိထားကာ စခန်းမှာရှိတဲ့ လက်နက် ၁၉ လက်လောက်နဲ့ ခဲယမ်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“စခန်းသိမ်းပြီး နာရီဝက်လောက်အကြာမှာ ဂျက်ဖိုက်တာ ၁ စီးနဲ့ ၃ ကြိမ်လာတယ်။ ဗုံး ၆ ကြိမ်ချသွားတယ်။ ကျနော်တို့ဘက်က ရဲဘော်တယောက်ကတော့ လက်ပစ်ဗုံးဖြုတ်လိုက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် မတော်တဆဖြစ်ပြီးတော့ ကျဆုံးခဲ့တယ်” လို့ ကိုကျူံးငိုင်းက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဝေဘူလမြို့ကို မနက် ၁၁ နာရီလောက်က အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၉ ယောက်သေဆုံးကာ ၅ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မကွေးတိုင်း မင်းတုန်းမြို့နယ်မှာလည်း ဧပြီ ၁၀ ရက်နေ့ မနက်ပိုင်းက ကျောက်တိုင်ရဲစခန်း အနီးကပ်တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၄ ယောက် အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ Eagle Force ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။ 

“ကျောက်တိုင်ရဲစခန်းမှာက စခ၊ ရခ ပူးပေါင်း ၁၅ ယောက်လောက်ရှိမယ်။ အဲဒါကို သရက်ခရိုင်တပ်ရင်း (၄) Eagle Force၊ ကျောင်းသားလက်ရုံးတပ်တော် SAF၊ လွတ်မြောက်ရေးတပ်တော် W.O.L.F တို့ ပူးပေါင်းပြီး အနီးကပ် ချည်းကပ်ပြီး ကျနော်တို့ဘက်က စတင် ပစ်ခတ်ခဲ့တာ။ သူတို့ဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေရှိပြီး လမ်းတဖက်ကနေ ပစ်ခတ်ရတာဆိုတော့ ခရီးသွားပြည်သူတွေရဲ့ ကားတချို့က တိုက်ပွဲ နားကပ်လာလို့ ပစ်ခတ်တဲ့ အရှိန်လျော့သွားပြီး သတ်မှတ်တဲ့အချိန်လွန်သွားပြီး ကျည်ဆန်လည်းမလုံလောက်တော့လို့ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်။” 

စခန်းကို ဝင်ရောက်သိမ်းပိုက်ဖို့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မသိမ်းပိုက်နိုင်ခဲ့ဘဲ မင်းတုန်းဇာတိ ရဲတပ်သားဇင်ဘိုကို အပါဝင် ၂ ယောက်သေဆုံး၊ ၄ ယောက် ဒဏ်ရာရရှိကာ မကွေးဆေးရုံကို သယ်သွားတယ် သတင်းကြားတယ်လို့ ပြောပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်မှာ ဧပြီ ၈ ရက်နေ့ ညနေက စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရပြီး  ၆ ယောက်ထက်မနည်း အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ ကနေ သိရပါတယ်။

မြိုင်မြို့နယ် ညောင်ရွာကျေးရွာမှာ စစ်ကောင်စီရဲ့ အင်အား ၈၀ လောက်ပါတဲ့ ဘီလူးစစ်ကြောင်းကို ဧပြီ ၈ ရက် ညနေ ၅ နာရီ ၅၃ မိနစ်မှာ ဒရုန်းနဲ့ အီနာဂါဗုံးသီး ၂၈ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖ တပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကြောင်းကတော့ ပုလဲမြို့နယ် ပန်းရွာကို Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ ပစ်ခတ်ပြီး ထောက်ပို့ ရဟတ်ယဥ် ၂ စီးနဲ့ လာချသွားတဲ့ စစ်ကြောင်းဖြစ်ပြီး ဘီးလူးစစ်ကြောင်းလို့ အမည်ပေးထားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၁၊ ၂၊ သူရိန်တပ်ဖွဲ့နဲ့ Black Cobra တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၆ ယောက်အပြင်းထန် ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မြိုင်မြို့နယ် အိုင်းမကျေးရွာကိုလည်း ဧပြီ ၈ ရက် မနက်မှာ  မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၈ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်လို့ အထိနာနေတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လာနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013