DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ အပြီးသတ် ဖွဲ့စည်းမည်
DVB
·
April 10, 2023
ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ အပြီးသတ် ဖွဲ့စည်းမည်
Donate to DVB

ကရင်နီပြည်ထဲမှာ ရဲစခန်းပေါင်း ၁၂ ခု၊ ကျောင်းပေါင်း ၄၀၀ ကျော်နဲ့ ဆေးရုံဆေးခန်း ၈၀ လောက် ဖွင့်လှစ်နိုင်ခဲ့ပြီး ကြားကာလအုပ်ချုပ်ရေးကောင်စီကို မကြာခင် အပြီးသတ် ဖွဲ့စည်းမယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC) က ထုတ်ပြန်ပါတယ်။

KSCC ဖွဲ့စည်းတာ ၂ နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး လက်နက်ကိုင် တော်လှန်ရေးအတွက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ကို KSCC ရဲ့ နိုင်ငံရေးလမ်းညွှန်မှုအောက်မှာ ဖွဲ့စည်းထားပြီး လက်ရှိမှာ တပ်ရင်း ၂၂ ရင်း၊ စစ်ဗျူဟာ ၆ ခုနဲ့ တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။

တပ်ဖွဲ့တွေအတွက် အမိန့်ပေးစနစ်တွေ၊ ဌာနတွေကိုလည်း ထူထောင်ပြီး တော်လှန်ရေး ၂ နှစ်တာ ကာလအတွင်း ရဲဘော် ၁၂၅ ယောက်ကျဆုံး၊ ၇၅ ယောက်က ခြေလက်အင်္ဂါတွေ ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဒီကာလအတွင်းမှာပဲ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၀၀၀ ကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးမိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် စစ်ဖက်ဆိုင်ရာ အက်ဥပဒေကိုလည်း ပြဋ္ဌာန်းနိုင်ခဲ့ပြီး စည်းမျဉ်းချိုးဖောက်တဲ့၊ လုပ်ပိုင်ခွင့်တဲ့ ကျော်လုပ်တဲ့၊ မလုပ်သင့်တဲ့ အမှားတွေလုပ်တဲ့ တပ်မှူးတွေ၊ ဗိုလ်တွေ၊ တပ်ဖွဲ့ဝင်တွေကိုလည်း အရေးယူ ပြစ်ဒဏ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်ရဲတပ်ဖွဲ့ကိုလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာမှာစတင် ဖွဲ့စည်းခဲ့ပြီး ပြည်သူ့လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် နယ်မြေထဲမှာ ရဲစခန်း ၁၂ ခုအထိ ဖွင့်လှစ်နိုင်ပြီး ရဲတပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နဲ့ လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

ဒီထဲမှာ အမျိုးသမီးရဲအင်အား ၂၇ ရာခိုင်နှုန်းကျော်ပါပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် အတွင်း မူးယစ်ဆေးဝါးမှု၊ ခိုးမှု၊ မသင်္ကာမှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ စစ်သုံ့ပန်းနဲ့ အိမ်တွင်းအကြမ်းဖက်မှု စတဲ့ အမှုပေါင်း ၂၀၀ ကျော်ကို ကိုင်တွယ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီရဲ့ လမ်းညွှန်မှုနဲ့ ကရင်နီပြည်နယ် ပညာရေး ကော်မတီကိုလည်း ဖွဲ့စည်းထားပြီး လက်ရှိမှာ ပညာရေးကော်မတီရဲ့ မူဝါဒ လမ်းညွှန်မှုနဲ့ ပူးပေါင်းနေတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ရှိနေတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးကော်မတီကလည်း ဆေးရုံ ၅ ခု၊ ဆေးခန်း ၇၄ ခု၊ Mobile OT (Truck) ၂ စီးနဲ့ ဝန်ဆောင်မှုပေးနေပြီး ကရင်နီပြည်နယ် သူနာပြုတက္ကသိုလ်ကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

လက်ရှိတော်လှန်ရေးကာလ ကြားကာလတို့မှာ ပြည်နယ်တွင်းအင်အားစုတွေ ချိတ်ဆက်တာ အားကောင်းဖို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီကို ၂၀၂၁ ခုနှစ် ဧပြီ ၉ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ပြည်နယ်တွင်းအစုအဖွဲ့အသီးသီးနဲ့ ချိတ်ဆက် ဆောင်ရွက် နိုင်ဖို့ ကြိုးပမ်းနေသလို ပြည်နယ်အချင်းချင်းကြား ဆက်ဆံရေး ပိုအားကောင်းလာစေဖို့၊ နိုင်ငံတကာနဲ့ ဆက်ဆံရေး ပိုအားကောင်းလာစေဖို့အတွက် ဗျူဟာတွေချမှတ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လက်တွေ့ကျင့်သုံးတဲ့အနေနဲ့ ပြည်နယ်တွင်းမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော်နေသလို မကြာခင်မှာ ကြားကာလအုပ်ချုပ်ရေးကောင်စီကိုလည်း အပြီးသတ်ဖွဲ့စည်းနိုင်ဖို့ စီမံနေတယ်လို့ ထုတ်ပြန် အစီရင်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013