DVB Logo
Home
မြန်မာသတင်း
စစ်တပ်နှင့်ဆက်စပ်ထုတ်ကုန်များ မသုံးဘဲ တော်လှန်သင်္ကြန်ဖြတ်သန်းရန် တော်လှန်ရေးအင်အား စုများ တိုက်တွန်း
DVB
·
April 9, 2023
စစ်တပ်နှင့်ဆက်စပ်ထုတ်ကုန်များ မသုံးဘဲ တော်လှန်သင်္ကြန်ဖြတ်သန်းရန် တော်လှန်ရေးအင်အား စုများ တိုက်တွန်း
Donate to DVB

စစ်ကောင်စီက ဒီနှစ် ၂၀၂၃ သင်္ကြန်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေ အပါအဝင် သူတို့ ထိန်းချုပ်လို့ရတဲ့ မြို့တွေမှာ သင်္ကြန်မဏ္ဍပ်တွေနဲ့ လမ်းလျှောက်သင်္ကြန်ပွဲတွေ စည်စည်ကားကားကျင်းပဖို့ ပြင်ဆင်နေပါတယ်။

စစ်ကောင်စီ အာဏာသိမ်းထားတဲ့ကာလမှာ ပြည်သူတွေ သင်္ကြန် ဖြတ်သန်းတဲ့အခါ စစ်တပ်နဲ့ ဆက်စပ် ထုတ်ကုန်တွေ အသုံးမပြုဖို့၊ စစ်တပ် လက်အောက်ခံ စီးပွားရေး လုပ်ငန်းတွေကို အားမပေးကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။

"ဒီနှစ် တော်လှန်သင်္ကြန်ရဲ့ ဆောင်ပုဒ်က စစ်တပ်စီးပွား တို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ မြို့ပြမှာရှိတဲ့ ပြည်သူလူထုအနေနဲ့ တော်လှန်သင်္ကြန်မှာ ပါဝင်လို့ ရပါတယ်။ ဘယ်လိုပါဝင်လို့ရလဲဆိုတော့ လူငယ်တွေ၊ သောက်တတ်စားတတ်တဲ့သူတွေ ကိုယ်သောက်မယ့် အရက်တွေ ဘီယာတွေဟာ အကြမ်းဖက် စစ်တပ်နဲ့ ဆက်စပ် ထုတ်ကုန်တွေ မဖြစ်ဖို့ လိုပါတယ်။ ဥပမာ- မြန်မာဘီယာ၊ Andaman Gold, Black Shield, Dagon Beer ဒါမျိုး ဘီယာတွေကို ရှောင်ရပါမယ်။ ကိုယ်က ဘီယာသောက်မယ်ဆိုရင် အကြမ်းဖက် စစ်တပ်နဲ့ ဆက်စပ်မှု ရှိလား။ သူတို့ ထုတ်ထားတာလား သူတို့ဆီ ဝင်ငွေ ရောက်သွားမလား စဉ်းစားရပါမယ်။ ဒီလိုမျိုး တော်လှန်ရေးနဲ့ ယှဉ်တွဲပြီးတော့ တော်လှန်သင်္ကြန်ကို ပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်း လိုပါတယ်" လို့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက ရန်ကုန် မြို့တော်ခန်းမရှေ့ မဏ္ဍပ်တခု အပါအဝင် ပြည်သူ့ရင်ပြင်မှာ ရေကစားမဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန် ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် စီးပွားဖြစ် မဏ္ဍပ်တွေ ဆောက်လုပ်ခွင့်ပေးထားပြီး ရန်ကုန်နဲ့ မန္တလေ မြို့ကြီးတွေမှာ မဏ္ဍပ်အချို့ စတင် ဆောက်လုပ်နေပါပြီ။

စစ်ကောင်စီ အတင်းအကျပ် ကျင်းပနေတဲ့ အတုယောင် သင်္ကြန်ပွဲမှာ ပြည်သူတွေ မပါဝင်ကြဖို့၊ သင်္ကြန်မှာ အယောင်ဆောင် ဖောက်ခွဲမှုတွေ ရှိလာနိုင်တယ်လို့ မြို့ပြပျောက်ကြားတပ်ဖွဲ့ Dark Shadow က သတိပေး ပြောဆိုပါတယ်။

"စစ်ကောင်စီကတော့ သင်္ကြန်ပွဲကို အတင်းအကျပ် ကျင်းပတာ မဆန်းပါဘူး။ နောက်ပြီးတော့ အယောင်ဆောင်ဖောက်ခွဲမှုတွေပါ ဒီသင်္ကြန်မှာ လုပ်ဆောင်လာနိုင်တယ်။ ပြောရရင်ဗျာ အရှက်မရှိ ပြောင်ပြောင်တင်းတင်း လူသတ်နေတဲ့ ကောင်တွေပဲ။ အဲ့တော့ ဒီသင်္ကြန်ပွဲအချိန်ကို အသုံးချပြီးတော့ ပြည်သူတွေက ပျော်ရွှင်နေပါတယ်။ သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ အေးချမ်းနေပါတယ် ဆိုတာကို ပြဖို့လုပ်တဲ့ အတုအယောင် သင်္ကြန်ပွဲပဲဖြစ်တယ်လို့ ကျနော်တို့က သတ်မှတ်ထားပါတယ်" လို့ Dark Shadow မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် စီဂျီက ပြောပါတယ်။

စစ်ကောင်စီ သင်္ကြန်ပွဲကို သတိပေးတဲ့အနေနဲ့ စမ်းချောင်းမြို့နယ် ရဲစခန်းရှေ့က ရေကစား မဏ္ဍပ်နဲ့ ပြည်သူ့ရင်ပြင် ဗဟိုမဏ္ဍပ်တို့ကို Dark Shadow ပျောက်ကြားတပ်ဖွဲ့က ဧပြီ ၈ ရက် ညနေ ၆ နာရီ ၅၀ အချိန်မှာ အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုမှာ ထိခိုက်မှု တစုံတရာ မသိရသေးပေမယ့် အဖွဲ့ဝင်တွေ ထိခိုက်မှု မရှိဘူးလို့ Dark Shadow အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက သင်္ကြန်ပွဲ စည်ကားအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေပြီး မဏ္ဍပ်တွေ၊ လမ်းလျှောက် သင်္ကြန်တွေမှာ ပြည်သူတွေ ပါဝင်ဖို့ ရပ်ရွာ အုပ်ချုပ်ရေးမှူးတွေကတဆင့် ဖိအားပေးတာ ရှိသလို အစိုးရဝန်ထမ်းတွေကိုလည်း သင်္ကြန်မှာ မဖြစ်မနေ ပါဝင်ဖို့ အမိန့်ထုတ်ထားပါတယ်။ စစ်ကောင်စီနဲ့ အပြိုင် ရခိုင့်တပ်တော် (အေအေ)ကလည်း ရခိုင်ပြည်နယ်မှာ ဒီနှစ်သင်္ကြန်ပွဲ ကျင်းပဖို့ စီစဉ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013