DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ ဂျီဒီပီ ၄ ဒသမ ၁ တိုးတက်ရန် စစ်ကောင်စီ၏ အမျိုးသားစီမံကိန်း ဥပဒေတွင် မျှော်မှန်း
DVB
·
April 7, 2023
မြန်မာနိုင်ငံ၏  ဂျီဒီပီ ၄ ဒသမ ၁ တိုးတက်ရန်  စစ်ကောင်စီ၏ အမျိုးသားစီမံကိန်း ဥပဒေတွင် မျှော်မှန်း
1 / 2
Donate to DVB

မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ)ဟာ ကျပ် ၉၄၅၃၀ ဘီလီယံရှိမယ်လို့ မျှော်မှန်းထားပြီး ရာခိုင်နှုန်းအားဖြင့် ၄ ဒသမ ၁ တိုးတက်မယ်လို့ မျှော်မှန်းထားကြောင်း  ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားစီမံကိန်းဥပဒေမှာ ဖော်ပြပါတယ်။

အဆိုပါအမျိုးသားစီမံကိန်းဥပဒေပါ ကဏ္ဍအလိုက်ပါဝင်မှုကိုကြည့်ရင် ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ဘဏ္ဍာ ရေးနှစ်မှာ လယ်ယာကဏ္ဍကြီး (လယ်ယာ၊သားငါး၊သစ်တော) ကျပ် ၂၁,၅၃၃,၃၆၀ ဒသမ ၇ သန်း၊ စက်မှုကဏ္ဍကြီး (စွမ်းအင်၊ သတ္တုနှင့် တွင်းထွက်ပစ္စည်း၊ စက်မှုလက်မှု၊ လျှပ်စစ်ဓာတ်အား၊ ဆောက်လုပ်ရေး) ကျပ် ၃၀,၇၄၆,၁၈၇ ဒသမ ၉ သန်း၊ ဝန်ဆောင်မှုကဏ္ဍကြီး (ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေး၊ လူမှုရေးနှင့်စီမံခန့်ခွဲရေး၊ အခြားဝန်ဆောင်မှု၊ ကုန်သွယ်မှု) ကျပ် ၃၈,၅၆၄,၁၈၇ ဒသမ ၃ သန်း အသီးသီးရှိခဲ့တာကြောင့် ဂျီဒီပီ ဟာ ကျပ်သန်း ၉၀၈၄၃ ဘီလီယံ ရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၃ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ ယခု ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားစီမံကိန်းဥပဒေအရ မျှော်မှန်းထားရှိမှုက လယ်ယာကဏ္ဍကြီးက ကျပ် ၂၂,၀၄၀,၃၃၄ ဒသမ ၁ သန်း၊ စက်မှုကဏ္ဍကြီးကနေ ကျပ် ၃၁,၈၀၂,၅၃၂ ဒသမ ၄ သန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးကနေ ကျပ် ၄၀,၆၈၇,၆၈၀ သန်း အသီးသီးရရှိမယ်လို့ မျှော်မှန်းထားပါတယ်။

ဒါဟာ ဂျီဒီပီအနေနဲ့ ကျပ်သန်း ၉၄၅၃၀ ဘီလီယံ ရရှိကာ ရာခိုင်နှုန်းအားဖြင့် ၄ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်မှုရှိမယ်လို့ စစ်ကောင်စီက မျှော်လင့်ထားပါတယ်။

ဒီ့အပြင် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ခန့်မှန်းတွက်ချက်ထားတဲ့ တိုင်းပြည်ရဲ့ ဂျီဒီပီ နဲ့ အခု ဘဏ္ဍာနှစ်အတွက် မျှော်လင့်ထားရှိတဲ့ ဂျီဒီပီတို့ကို နှိုင်းယှဉ်တဲ့အခါ မနှစ်ကထက် ကျပ်သန်း ၃၆၈၆ ဘီလီယံ ပိုရလာပြီး ရာခိုင်နှုန်းအားဖြင့် ၄ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ တွက်ဆထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ နဲ့ ၂၀၂၂ နှစ်နှစ်တာ ကာလတလျှောက်လုံးမှာ ချိနဲ့ခဲ့ရပြီး အခုအချိန်ထိ နလန် ပြန်မထူနိုင်သေးတာကြောင့် စစ်ခေါင်းဆောင်ရဲ့ မျှော်မှန်းချက်တွေအပေါ် စီးပွားရေးလုပ်ငန်းရှင်တွေက အယုံအကြည် မရှိ သံသယ ရှိနေကြပါတယ်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်ကြီးတဦးက “ပြီးခဲ့တဲ့ ၂ နှစ်စလုံးမှာ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ အကုန်နီးပါးပဲ အမြတ်မရရင်နေ အရင်းပြန်ရအောင် နဲ့ အရှုံးနည်းအောင် မနည်း ကြိုးစားခဲ့ရတယ်။ အဲ့လို ကြိုးစားခဲ့လို့ လုပ်ငန်းတွေ ပြန်လည် အဆင်ပြေပြီလားဆိုတော့ အခုအချိန်ထိပဲ လုပ်ငန်းတွေ အကုန်လုံးက နလန် ပြန်မထူနိုင်သေးပါဘူး။ မပိတ်ရုံသာ ရှိပါတယ်။ ဒီအခြေအနေကို မသိတာလား၊ မသိချင်ယောင် ဆောင်တာလား၊ မျက်ကွယ် ပြုထားတာလား ဆိုတာတော့ သူတို့ပဲ သိပါ လိမ့်မယ်။ အဲ့တော့ ပြဿနာကို အဖြေ ရှာကြပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းမီ ၂၀၂၀ ဇူလိုင်လက ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးအပေါ် စောင့်ကြည့်လေ့လာတဲ့ အစီရင်ခံစာအရ ကိုဗစ် ပထမလှိုင်းကြောင့် မြန်မာ့စီးပွားရေးဟာ ထိခိုက်မှုရှိခဲ့တယ်လို့ ဆိုထားပေမဲ့ တိုင်းပြည်ရဲ့ ဂျီဒီပီ က ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မှု ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှု ပြဿနာတွေကြောင့် ကမ္ဘာ့ဘဏ်က ၂၀၂၁ ခုနှစ်အတွက် ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးအပေါ် စောင့်ကြည့်လေ့လာတဲ့ အစီရင်ခံစာမှာ မြန်မာ့စီးပွားရေး (ဂျီဒီပီ)က အနုတ် ၁၈ အထိ ရောက်သွားပြီလို့ တွက်ချက်ခဲ့ပါတယ်။

စီးပွားရေးသုတေသီတဦးကလည်း “မြန်မာပြည်စီးပွားရေးနဲ့ပတ်သတ်ပြီး ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက လေ့လာထားတာတွေရှိပါတယ်။ အဲ့မှာ ဘာတွေ့ရလဲဆိုတော့ ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကာလတွေမှာ မြန်မာ့စီးပွားရေးက အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ အဆိုးဆုံးအဆင့် မရှိခဲ့ဘူးနော်။ တချို့နိုင်ငံတွေဆို အနုတ်အထိ ဆင်းသွားခဲ့တယ်။ မြန်မာက အဲ့ဒီ့ကာလတွေမှာ စီမံခန့်ခွဲမှု ကောင်းခဲ့လို့ပဲ ကမ္ဘာ့ဘဏ်လို အဖွဲ့အစည်းကြီးက ဘာပြောခဲ့လဲဆိုတော့ ဒီကိုဗစ် အလွန်ကာလမှာ မြန်မာ့စီးပွားရေးဟာ လက်ရှိအနေအထားတိုင်းဆိုရင် တိုးတက်ဖို့ အလားအလာရှိတယ်လို့ ပြောခဲ့တာနော်။ ဒါပေမဲ့ ကံဆိုးတာက စစ်တပ်အာဏာသိမ်းလိုက်တဲ့အတွက် အခြေအနေကောင်းတွေ အကုန်လုံး ဖျက်ဆီးခံလိုက်ရတယ်။ အဲ့ဒီ့အခြေအနေတွေကြောင့် မြန်မာ့စီးပွားရေးက အခုအချိန်ထိ နလန်ပြန် မထူနိုင်သေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာ့ဘဏ်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ စီးပွားရေး မရေရာမှုတွေ၊ ပဋိပက္ခတွေနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေနိုင်တာကြောင့် ကာလတိုအနေနဲ့ မြန်မာ့စီးပွားရေးဟာ ပြန်လည် သက်ဝင်လာဖို့က နှေးကွေးနေဆဲ ရှိနေမယ့်အပြင် ၂၀၂၃ ခုနှစ် အလွန်မှာလည်း မသေချာ မရေရာမှု အခြေအနေတွေနဲ့ ဆက်လက်မြှင့်တက်နေဦးမယ်လို့ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013