DVB Logo
Home
မြန်မာသတင်း
စီးပွားရေးတိုးတက်နေဟု စစ်ခေါင်းဆောင်က ပြောနေသော်လည်း စစ်ကောင်စီလက်ထက် တိုင်းပြည်စီးပွားရေး အဆိုးဆုံးဖြစ်ဟု သုတေသီများပြော
DVB
·
March 29, 2023
စီးပွားရေးတိုးတက်နေဟု စစ်ခေါင်းဆောင်က ပြောနေသော်လည်း စစ်ကောင်စီလက်ထက် တိုင်းပြည်စီးပွားရေး အဆိုးဆုံးဖြစ်ဟု သုတေသီများပြော
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်ရဲ့ ပထမ ၆ လ သက်တမ်းကာလမှာ တိုင်းပြည်စီးပွားရေးဟာ ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့တဲ့အပြင် ၂၀၂၂-၂၃ ဘဏ္ဍာရေးမှာလည်း ၃ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့တဲ့အကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရင်အစိုးရ လက်ထက်မှာ ပြည်တွင်းစီးပွားရေးအပေါ် အားပေးမှုနဲ့ စီမံခန့်ခွဲရေးတို့ဟာ အားနည်းခဲ့တာကြောင့် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံရဲ့ ဂျီဒီပီက အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာ့စီးပွားရေးက ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်မှာ ကိုဗစ်ကြောင့် စီးပွားရေးလုပ်ငန်းတွေဟာ နှောင့်နှေးမှုတွေရှိခဲ့တာ မှန်ပေမဲ့ တိုင်းပြည်ရဲ့စီးပွားရေးက အနုတ်အထိ ကျဆင်းမှုမရှိခဲ့တာကြောင့် စစ်ခေါင်းဆောင်ပြောဆိုချက်က တဖက်သတ် ပြောဆိုမှုသာ ဖြစ်တယ်လို့ မက္ကခရိုဘောဂဗေဒပညာရှင်တွေက သုံးသပ်ပြောပါတယ်။

“နိုင်ငံတကာက လေ့လာထားတာ ရှိပါတယ်။ ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ကာလမှာ အာဆီယံဒေသတွင်း နိုင်ငံတွေမှာ စီးပွားရေးက တော်တော်ကျသွားတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက အဲ့လောက်မကျခဲ့ဘူး။ မကျဘူးဆိုတာက အနုတ်အထိ ဆင်းမသွားဘူး ပြောတာ။ အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာ တချို့နိုင်ငံတွေက အနုတ်အထိ ဆင်းသွားခဲ့ကြတယ်။ မြန်မာနိုင်ငံက အဲ့ဒီ့ကာလတွေမှာ ထိန်းချုပ်နိုင်ခဲ့တယ်။ မထိန်းချုပ်နိုင်တာက ကိုဗစ် တတိယလှိုင်း၊ အတိအကျပြောရရင် ၂၀၂၁ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ ဖြစ်တာ။ အဲ့ကာလက စစ်တပ်က အာဏာသိမ်းပြီးတဲ့ ကာလတွေနော်။ အဲဒီမှာ အဓိက အကျပ်အတည်းကြီးနှစ်ခုနဲ့ သွားကြုံခဲ့တယ်။ တခုက စစ်တပ် အာဏာသိမ်းခဲ့တဲ့ အကျပ်အတည်းနဲ့ အခြားတခုက ကိုဗစ် တတိယလှိုင်း။ ဒီအကျပ်အတည်းက အရမ်းကြီးခဲ့တဲ့အတွက် တိုင်းပြည်စီးပွားရေးက အနုတ် ၁၈ ဖြစ်ခဲ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာ့ဘဏ်က ၂၀၂၀ ဇူလိုင်လက ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးအပေါ် စောင့်ကြည့်လေ့လာတဲ့ အစီရင်ခံစာအရ ကိုဗစ် ပထမလှိုင်းကြောင့် မြန်မာ့စီးပွားရေးဟာ ထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပေမဲ့ တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှုနှုန်း (ဂျီဒီပီ) က ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ၇ ဒသမ ၂ ရာခိုင်နှုန်းအထိ ပြန်လည်တိုးတက်မှု ရှိလာမယ်လို့ ခန့်မှန်းထားတာပါ။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှု ပြဿနာတွေကြောင့် ကမ္ဘာ့ဘဏ်က ၂၀၂၁ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာ့စီးပွားရေးအပေါ် စောင့်ကြည့်လေ့လာတဲ့ အစီရင်ခံစာမှာ မြန်မာ့စီးပွားရေးဟာ အနုတ် ၁၈ ရာခိုင်နှုန်း ကျဆင်းမှုရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ကတော့ မိမိတို့ တာဝန်ယူဆောင်ရွက်နေစဉ်ကာလမှာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ခဲ့တာကြောင့် ၂၀၂၁-၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ ပထမ ၆ လပတ်ကာလမှာ နိုင်ငံရဲ့ ဂျီဒီပီဟာ ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့တာကြောင့် အရင်ကရှိခဲ့တဲ့ အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းကနေ အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ ပြောင်းလဲတိုးတက်မှု ရှိလာတယ်လို့ ဆိုပါတယ်။

ဒီ့အပြင် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာလည်း နိုင်ငံရဲ့ ဂျီဒီပီဟာ ၃ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဆက်လက်၍လည်း တိုးတက်မှုရှိမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူတွေက ခန့်မှန်းထားကြတဲ့အကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒါပေမဲ့ ဒီတိုးတက်မှုက စစ်တပ်အာဏာမသိမ်းမီကာလနဲ့ နှိုင်းယှဉ်ရင် မြန်မာ့စီးပွားရေးက ၁၀ ရာခိုင်နှုန်းကျော် ဆက်လက်ကျဆင်းမှု ရှိနေသေးတယ်လို့ စီးပွားရေးသုတေသီတွေက ထောက်ပြထားပါတယ်။

“အခု ၃ ရာခိုင်နှုန်းဆိုတော့ မဆိုးဘူးလို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆို ၂၀၂၁ မှာ ကျနော်တို့က အနုတ် ၁၈ အထိ ကျသွားခဲ့တယ်။ ပြီးတော့ ၂၀၂၂ မှာ ၁ ရာခိုင်နှုန်း ပြန်တက်လာတယ်။ အခု ၂၀၂၃ မှာတော့ ၃ ရာခိုင်နှုန်းတက်မယ်လို့ ကမ္ဘာ့ဘဏ်ကလည်း ခန့်မှန်းထားတယ်။ ဒါပေမဲ့ ကျနော်တို့ဆီမှာ စစ်တပ်က အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေး ကျဆင်းခဲ့တဲ့ အခြေအနေကို ပြန်ကြည့်ရင် ၈၈ ကာလတုန်းက တိုင်းပြည်စီးပွားရေးက အနုတ် ၁၁ အထိသာ ကျခဲ့တယ်။ အခုတကြိမ် ၂၀၂၁ စစ်တပ် အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေးက အနုတ် ၁၈ အထိ ကျသွားခဲ့ရတယ်။ ဒါက စစ်တပ်အာဏာမသိမ်းမီနဲ့ အာဏာသိမ်းပြီးနောက် ခြားနားချက်ကို ကြည့်ရင် ဒီတကြိမ်က အဆိုးဆုံး အခြေအနေပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာ့ဘဏ်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ စီးပွားရေး မရေရာမှုတွေ၊ ပဋိပက္ခတွေနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေနိုင်တာကြောင့် ကာလတိုအနေနဲ့ စီးပွားရေး ပြန်လည်သက်ဝင်လာဖို့က နှေးကွေးနေဆဲ ရှိနေမယ့်အပြင် ၂၀၂၃ ခုနှစ် အလွန်မှာလည်း မသေချာ မရေရာမှု အခြေအနေ တွေဟာ မြင့်တက်နေဦးမယ်လို့ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013