DVB Logo
Home
မြန်မာသတင်း
သင်္ကြန်အကြိုကာလ ဆန်စျေးနှုန်း ထပ်မံမြင့်တက်လာ
DVB
·
April 5, 2023
သင်္ကြန်အကြိုကာလ ဆန်စျေးနှုန်း ထပ်မံမြင့်တက်လာ
Donate to DVB

ဒီနှစ်မြန်မာ့နှစ်သစ်ကူး သင်္ကြန်အကြိုကာလမှာ ပြည်တွင်း ဆန်စျေးနှုန်းတွေဟာ အမျိုးအစားပေါ် လိုက်ပြီး တအိတ်ကို ကျပ် ၁၀၀၀ ကနေ ၅၀၀၀ အထိ ထပ်မံ မြင့်တက်လာတယ်လို့ ဆန်အရောင်းအဝယ် ဈေးကွက်ကနေ သိရပါတယ်။

ရန်ကုန်၊ ဝါးတန်ဆန်ကုန်စည်ဒိုင်စျေးကွက်မှာ ဧပြီ ၄ ရက်နေ့ စျေးနှုန်းအရ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်ကို ၈၅၀၀၀ ကနေ ၉၃၀၀၀ ကျပ်၊ မြောင်းမြ ပေါ်ဆန်းစျေး ၇၇၀၀၀ ကျပ်ကနေ ၇၉၀၀၀ ကျပ်၊ ရက် ၉၀ ဆန် တစ်အိတ်ကို ၅၅၀၀၀ ကနေ ၆၄၀၀၀ ကျပ်၊ ကြားပျံဆန် တစ်အိတ်ကို ၇၂၀၀၀ကနေ ၈၀၀၀၀ ကျပ် အသီးသီးရှိနေပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်သောကြာနေ့ စျေးကွက်ပိတ်စျေးနဲ့ နှိုင်းယှဉ်ရင် တစ်အိတ်ကို ၁၀၀၀ကျပ် ကနေ ၅၀၀၀ ကျပ်အထိ စျေးထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။

ပြည်တွင်းဆန်စျေးနှုန်းတွေက စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တစ်စထက်တစ်စ ပိုမြင့်တက်လာခဲ့ပြီး လက်ရှိမှာ အမြင့်ဆုံးစျေးကို ရောက်ရှိနေရာကနေ သင်္ကြန် အကြိုကာလမှာ စျေးထပ်မံမြင့်တက် လာတာပါ။

ရန်ကုန်အခြေစိုက် ဆန်လက်လီ၊ လက်ကားရောင်းချသူ တဦးက“ဆန်စျေးကတော့ အရင်ရက်ထက် ဈေးနည်းနည်းထပ် တက်တယ်။ ရွှေဘိုက တအိတ်ကို ၅၀၀၀ လောက်ထိ တက်လာတယ်။ အခါရက်နီးရင် တက်တာကတော့ ဒါနှစ်တိုင်း ဖြစ်နေကြပေါ့။ သင်္ကြန်ပိတ်ရက်အတွက် ဝယ်စုကြတော့ စျေးတက်တာပေါ့” လို့ ပြောပါတယ်။

အခုနှစ် ဆန်စျေးနှုန်းတွေက အရင်နှစ်ထက် စျေးသိသိသာသာ မြင့်တက်နေတာဖြစ်ပြီး ပြီခဲ့တဲ့နှစ် အခုလိုအချိန်နဲ့ နှိုင်းယှဉ်ရင် ရွှေဘိုပေါ်ဆန်း ဆန်နဲ့ ဆန်ကြမ်း ဖြစ်တဲ့ ရက် ၉၀ ဆန်က တအိတ်ကို ၃၀၀၀၀ ကျပ် ဝန်းကျင်ထိ စျေးမြင့်နေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလမှာ ကျပ်ငွေတန်ဖိုးကျပြီး စိုက်ပျိုးရေးသွင်းအားစုနဲ့ လောင်စာဆီ အပါအဝင် ပြည်ပကနေ တင်သွင်းရတဲ့ ကုန်ကြမ်းပစ္စည်းတွေ စျေးနှုန်းမြင့်တက်လာတာ၊ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နယ်မြေမတည်ငြိမ်မှုတွေနဲ့အတူ ကုန်စည်သယ်ယူပို့ဆောင်ရေးခက်ခဲလာတာ၊ လျှပ်စစ်မီး မမှန်တာစတဲ့အချက်တွေကြောင့် ဆန်အပါအဝင် အခြေခံလူသုံးကုန်၊ စားသောက်ကုန်နဲ့ ဆေးဝါးဈေးနှုန်းတွေဟာ ၂၀၂၁ ဖေဖော်ဝါရီလ မတိုင်မီနဲ့ နှိုင်းယှဉ်ရင် အဆမတန် မြင့်မားနေတာ ဖြစ်ပါတယ်။

လက်ရှိ သင်္ကြန်အကြိုကာလမှာလည်း လာမယ့်ပိတ်ရက်ရှည်အတွက် စားသောက်ကုန်တချို့ ဝယ်ယူစုဆောင်းမှုတွေရှိနေပြီး ကုန်စည်စျေးနှုန်းတွေကလည်း အကျမရှိဘဲ အတက်စျေးမှာပဲ ဆက်ရှိနေတာပါ။

ရန်ကုန်မြို့နေ အိမ်ရှင်မ တစ်ဦးက “သင်္ကြန်ပိတ်ရက်အတွက် ကြိုတော့ ဝယ်ထားရတာပေါ့။ ဒါပေမဲ့ အရင်နှစ်တွေကလို များများမဝယ်ထားနိုင်ဘူး။ နည်းနည်းလောက်ပဲ ဝယ်ထားနိုင်တယ်။ ကုန်စျေးနှုန်းက ဒီထက်တက်လည်း ငတ်ဖို့ပဲရှိတော့တယ် ”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ အလုပ်အကိုင် ဆုံးရှုံးမှုနဲ့ စားသောက်ကုန် ဈေးနှုန်းတွေမြင့်တက်လာမှုတို့က မြို့ပြဒေသတွေမှာ အဆိုးရွားဆုံး ရိုက်ခတ်မှုရှိနေပြီး ရန်ကုန်မြို့က ဆင်းရဲနွမ်းပါးမှု အများဆုံး ၈ မြို့နယ်က လူပေါင်း ၃၀၀၀ လောက်ကို စစ်တမ်းကောက်ယူမှုအရ ပြီးခဲ့တဲ့ ၁ နှစ်အတွင်း အစားလျှော့စားရတဲ့အထိ ဝင်ငွေမလုံ‌လောက်မှုရှိခဲ့တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013