DVB Logo
Home
မြန်မာသတင်း
တပ်မတော်သား CDM များအတွက် လုံလောက်သည့် ကူညီထောက်ပံ့မှုမရဟု ဗိုလ်ကြီးညီသုတ ပြော
DVB
·
April 3, 2023
တပ်မတော်သား CDM များအတွက် လုံလောက်သည့် ကူညီထောက်ပံ့မှုမရဟု ဗိုလ်ကြီးညီသုတ ပြော
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၂ ရက် ရက်စွဲနဲ့ ရဲနဲ့ စစ်သားတွေကို ပြည်သူ့ရင်ခွင်ခိုလှုံဖို့ အထူးတိုက်တွန်းနှိုးဆော်ချက် တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်၊

အခုလို ရဲဝန်ထမ်းတွေနဲ့ တပ်မတော်သားတွေကို CDM လုပ်ဖို့ နှိုးဆော်နေတာက စာရွက်ပေါ်ကသာဖြစ်ပြီး တကယ့်လက်တွေ့မှာ အကူတောင်းခံလို့မရတာတွေနဲ့ CDM လုပ်ထားတဲ့ တပ်မတော်သားတွေရဲ့ အသက်လုံခြုံရေးတွေကို တာဝန်ယူမှု တာဝန်ခံမှု အားနည်းနေတယ်လို့ ဗိုလ်ကြီးညီသုတက ပြောပါတယ်၊

“တပ်က ထွက်လာတဲ့ CDM တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေရှိတယ်။ အဲဒီနေရာမှာ အသက် အန္တရာယ်လုံခြုံရေးအရ အခြေအနေတွေနဲ့ မိသားစုအတွက်အခြေခံ စားဝတ် နေရေးပြဿနာတွေပါတယ်။ အဲတာတွေနဲ့အတူ လုံလုံလောက်လောက်ဖြေရှင်းပေးနိုင်တဲ့ အခြေအနေမရှိတဲ့အတွက်ကြောင့်မို့လို့ CDM လုပ်ထားတဲ့သူတွေကိုယ်တိုင်က ပြန်ပိတ်ပြီး အရှိန်ကလျော့လာပါတယ်။ ဒါတွေထင်ထင်ရှားရှား ဖြစ်လာပါတယ်။ ဒီတိုက်တွန်းချက်နဲ့အတူပေါ့ တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့သာဆိုရင် ဒါသည် အရှိန်အဟုန်ကောင်းလာနိုင် ပါတယ်။ အရှိန်အဟုန်ကောင်းလာဖို့လည်း မျှော်လင့်ပါတယ်။ ကျနော်တို့ လိုအပ်နေတာက တိုက်တွန်းချက်တွေထက် တာဝန်ယူမှု တာဝန်ခံမှုတွေကိုလိုအပ်နေတာပါလို့ပဲကျနော် ပြောချင်ပါတယ်။”

တော်လှန်ရေး အစောပိုင်းကာလတွေမှာ CDM လုပ်ခဲ့တဲ့ ရဲနဲ့ တပ်မတော်သားတွေမှာ အခြေခံစားဝတ်နေရေး ခက်ခဲတာတွေအပြင် အသက်အန္တရာယ် ဆုံးရှုံးခဲ့ရတာတွေထိရှိခဲ့ပေမဲ့ NUG အစိုးရက ကာကွယ်မှုမပေးနိုင်တာတွေရှိခဲ့တယ်လို့ ဗိုလ်ကြီးညီသုတက ဆက်ပြောပါတယ်။

CDM ရဲဝန်ထမ်း တစ်ဦးကတော့ NUG က လက်လှမ်းမီသလောက်နေရာတွေကပဲ ကူညီမှုတွေရရှိနေတာဖြစ်လို့ ဒီထက်ပိုပြီး ကျယ်ပြန့်ထိရောက်တဲ့ ကူညီထောက်ပံ့ပေးမှုတွေ လိုအပ်နေတယ်လို့ ပြောဆိုပါတယ်။

NUG အနေနဲ့က ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အထည်ဖော်ဆောင်မှု ကော်မတီကို ဖွဲ့စည်းထားပြီး မူဝါဒ ၅ ရပ်နဲ့ ပြည်ထောင်စု ဝန်ကြီးချုပ်ကိုင်တိုင် ဦးဆောင်ပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊ မကြာခင်အချိန်မှာ စစ်ရေးအရှိန်မြှင့်မှုတွေနဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ဖိတ်ခေါ်တိုက်တွန်းတာတွေလည်းရှိတော့မှာ မဟုတ်တဲ့ အကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က ပြောပါတယ်။

“အခုက မူဝါဒ ချပီးသွားနေတယ် တပ်၊ ရဲ CDM တွေအတွက် တံခါးဖွင့်ထားပြီးသားဖြစ်တယ်။ အဲဒီမူဝါဒတွေနဲ့ တံခါးဖွင့်ထားတဲ့ကိစ္စကိုလည်း ပြန်ပြီးသုံးသပ်နေတယ်ပေါ့။ စစ်ရေးအရမှာဆိုရင်လည်း one year plan မှာ စစ်ရေးအရှိန်မြင့်လာပြီး နောက်  one year plan မှာ Phase 3 မှာဆိုရင်လည်း စစ်ရေးအရှိန်က ပိုမြှင့်ဖို့ရှိတယ်။ တချိန်ချိန်ကျရင် ဘယ်ချိန်ဆိုတာတော့ တိတိကျကျပြောလို့မရဘူးပေါ့။ ဒါပေမဲ့ one year plan မှာ Phase 3 အချိန်ကာလကိုရောက်တဲ့အခါကျရင်တော့ တပ်၊ ရဲ စီဒီအမ်တွေအတွက် ပြည်သူ့ရင်ခွင်တံခါး ဖွင့်ထားတာကို ပြန်လည်သုံးသပ်ပြီးတော့ တံခါးပိတ်လိုက်တာမျိုး၊ မူဝါဒတွေ အပြောင်းအလဲလုပ်လိုက်တာမျိုး ဒါမျိုးတွေရှိလာနိုင်တဲ့အနေအထားမှာရှိပါတယ် ဒါ့ကြောင့် ဒီလိုပိတ်ဖို့ရှိတယ်ဆိုတဲ့ဟာကို သတိပေးတဲ့ သဘောပေါ့” လို့ ပြောပါတယ်။

လက်ရှိမှာ NUG က ရဲ နဲ့ စစ်သား CDM တစ်ယောက်ကို တလ ကျပ်ခြောက်သောင်းနှုန်းနဲ့ ထောက်ပံ့ပေးထားပြီး မိသားစုဝင်တွေရဲ့ နေထိုင်ရေး ကျန်းမာရေးနဲ့ ပညာရေးတွေကိုပါ ကူညီဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။

အခုကာလအထိ ပြည်သူ့ရင်ခွင်ခိုလုံလာတဲ့ရဲနဲ့စစ်သားတွေကို CDM စာရင်းထဲ ထည့်ပီး တော်လှန်ရေးအလွန် ကာလမှာ ထိုက်သင့်တဲ့ ဂုဏ်ပြချီးမြှင့်မှုတွေလည်း လုပ်ဆောင်ပေးသွားမယ်လို့ အထူးတိုက်တွန်းနှိုးဆော်ချက်မှာ ပါရှိပါတယ်။

ပြည်သူတွေကြားမှာတော့ တော်လှန်ရေးကာလ ၂ နှစ်ကျော်ကြာမှ CDM လုပ်မယ့်သူတွေကို လက်မခံသင့်ဘူးလို့ ပြောဆိုနေတာတွေရှိသလို တဖက်မှာလည်း ကြိုဆိုလက်ခံကြောင်း ပြောဆိုနေကြပါတယ်။

တော်လှန်ရေးကာလတလျောက် ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သား ၃၂၃၆ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၂၃၂၇ ယောက်ရှိတယ်လို့ NUG ဖော်ပြထားပါတယ်။ 

ခုခံတော်လှန်စစ်ကြောင့် ၂၀၂၃ ခုနှစ် မတ်လအထိ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင် ၂၉၆၅၀ သေဆုံးခဲ့ပြီး ၁၀၀၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်းသိရ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013