DVB Logo
Home
မြန်မာသတင်း
ကိုကိုးကျွန်းပေါ် တရုတ်စစ်ထောက်လှမ်းရေးစခန်းတည်ဆောက်နေကြောင်း သံသယဖြစ်ဖွယ် ဂြိုဟ်တုဓာတ်ပုံသက်သေများ ထွက်ပေါ်
DVB
·
April 3, 2023
ကိုကိုးကျွန်းပေါ် တရုတ်စစ်ထောက်လှမ်းရေးစခန်းတည်ဆောက်နေကြောင်း သံသယဖြစ်ဖွယ် ဂြိုဟ်တုဓာတ်ပုံသက်သေများ ထွက်ပေါ်
Donate to DVB

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းပေါ်မှာ တရုတ်စစ်ထောက်လှမ်းရေး အခြေစိုက်စခန်းတည်ဆောက်နေတယ်လို့ သံသယဖြစ်ဖွယ်ရာ ဂြိုဟ်တုဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

အဆိုပါ ပုံတွေကိုတော့ အမေရိကန်အခြေစိုက် ဂြိုဟ်တုနည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Maxar Technologies ကနေ အခုနှစ် ဇန်နဝါရီလထဲမှာ ဖမ်းယူရရှိခဲ့တာဖြစ်ပါတယ်။

ကျွန်းရဲ့ အလယ်ဗဟိုမှာတော့ မကြာသေးခင်ကမှ တည်ဆောက်ထားခဲ့တဲ့ သိုလှောင်ရုံ ၂ ခုကို တွေ့မြင်နိုင်ပြီး မြောက်ဘက်မှာ အဆောက်အအုံအသစ်တချို့၊ ကြီးမားတဲ့ ဆိပ်ခံတံတား ၁ ခုနဲ့အတူ ရေတပ်ဆိုင်ရာ လှုပ်ရှားမှုတွေ အရှိန်မြှင့်လုပ်ဆောင် နိုင်ဖွယ် ဖြစ်နိုင်ခြေရှိတဲ့ ဆိပ်ခံတံတားကြီးတခုကိုလည်း တွေ့ရှိခဲ့ရတယ်လို့ India Today သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဗြိတိန်နိုင်ငံ အခြေစိုက် လွတ်လပ်သော မူဝါဒဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်တဲ့ Chatham House ရဲ့ အဆိုအရ ကိုကိုးကျွန်းမှာ တည်ဆောက်ထားခဲ့တဲ့ မူလလေယာဉ်ပြေးလမ်းရဲ့ အရှည်ဟာ မီတာ ၁,၃၀၀ သာ ရှိခဲ့ပေမဲ့ အသစ်တည်ဆောက်ထားတဲ့ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အဦတွေထဲမှာတော့ အရှည် ၂၃၀၀ မီတာထိ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တိုးချဲ့ခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံကတော့ တရုတ်အစိုးရဟာ မြန်မာ့ပိုင်နက်ဖြစ်တဲ့ ကိုကိုးကျွန်းကို အသုံးချပြီးတော့ စစ်ရေးအရ မဟာဗျူဟာမြောက်ကျွန်းတခုအနေနဲ့ ကြိုးကိုင်ခြယ်လှယ်မှုတွေ လုပ်ဆောင်နေတယ်လို့ အရင်ကတည်း က သံသယဝင်နေခဲ့တာ ဖြစ်ပါတယ်။

ပထဝီနိုင်ငံရေး ကျွမ်းကျင်သူတွေကတော့ မြန်မာအာဏာသိမ်းစစ်အုပ်စုဟာ သူတို့ရဲ့ လျှို့ဝှက်ရေကြောင်း စောင့်ကြည့်ရေး စစ်ဆင်ရေးအတွက် ကျွန်းစုတွေကို ပြင်ဆင်နေတယ်လို့ ယူဆနေကြသလို အာဏာသိမ်းပြီး မကြာခင်မှာပဲ တရုတ်ကွန်မြူနစ်ပါတီအပေါ် စစ်အုပ်စုရဲ့ မှီခိုအားထားမှု ကြီးထွားလာခြင်းကလည်း ပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို တိုးလာစေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်တုန်းက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တဲ့ မျက်နှာပုံရိပ်ကို စစ်ဆေးဖော်ထုတ်နိုင်တဲ့ နည်းပညာကို အသုံးပြုနိုင်မယ့် တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ လုံခြုံရေးကင်မရာတွေကို စစ်ကောင်စီက မြန်မာနိုင်ငံ မြို့ကြီးတွေမှာ တိုးချဲ့တပ်ဆင်လာနေခဲ့တယ်ဆိုတဲ့ သတင်းကြောင့်လည်း တရုတ်နဲ့ မြန်မာစစ်အုပ်စုကြား လက်ရှိအနေအထားက ဖြစ်ပေါ်လာတဲ့ ယူဆချက်တွေကို ပိုမိုအားကောင်းလာစေတယ်လို့ ဆိုပါတယ်။

၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာမသိမ်းခင်ကတည်းက နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ စစ်တွေမြို့တွေမှာ CCTV လုံခြုံရေးကင်မရာတွေ တပ်ဆင်ထားပြီး အခုနောက်ထပ် မြို့ကြီးတွေ အတော်များများမှာ တပ်ဆင်စောင့်ကြည့်နေတာတွေ ရှိနေသလို စစ်ကောင်စီကတော့ မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံးမှာ လုံခြုံရေးကင်မရာတွေ တပ်ဆင်ဖို့ ရည်ရွယ်ထားကြောင်းလည်း ကနဦး ပြောထားခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံမှာလည်း လုံခြုံရေးကင်မရာတွေ တိုးချဲ့တပ်ဆင်မယ့် အစီအစဉ်အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်နေကြပြီး မြန်မာစစ်အုပ်စုကတော့ စောင့်ကြည့်ထောက်လှမ်းမှုတွေကို အရင်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတာဖြစ်ကာ တယ်လီဖုန်းနဲ့ အင်တာနက်ဆက်သွယ်မှုတွေကို ဆော့ဖ်ဝဲလ်တွေ အသုံးပြုပြီး ကြားဖြတ် ထောက်လှမ်းနားထောင်တာတွေလည်း ရှိနေပါတယ်။

Ref: India Today

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013