
ယူကရိန်းရဲ့ “Operation Spider's Web” ဒရုန်းစစ်ဆင်ရေးကြောင့် ရုရှားစစ်လေယာဉ်ကွင်းတွေရှိ ဗုံးကြဲလေယာဉ်အများအပြား မီးလောင်ပေါက်ကွဲခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားလိုက်ပြီး ထိခိုက်ပျက်စီးမှု ဂြိုဟ်တုဓာတ်ပုံတွေလည်း ထွက်ပေါ်လာပါတယ်။
ယူကရိန်းဟာ ဇွန် ၁ ရက်နေ့မှာ မူးရ်မန့်စ်ခ်၊ အင်းရ်ကုစ်ခ်၊ အိုင်ဗန်နိုဗို၊ ရဲယာ့ဇန်နဲ့ အားမုရ် ဒေသ ၅ ခုရှိ ရုရှားစစ်လေယာဉ်ကွင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး မူးရ်မန့်စ်ခ်၊ အိရ်ကုစ်ခ် ဒေသ ၂ ခုကလွဲလို့ ကျန်ဒေသတွေ အားလုံးမှာ လေကြောင်းရန်ကာကွယ်ရေးတွေက တိုက်ခိုက်မှုတွေကို ချေမှုန်းခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားစစ်လေယာဉ် စုစုပေါင်း ၄၁ စင်း ထိမှန်ခဲ့ကြောင်း ယူကရိန်း ထောက်လှမ်းရေး အရာရှိတယောက်က ပြောပါတယ်။
ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇ ဘီလီယံလောက်ရှိပြီး ရုရှားဟာ သူ့ရဲ့ အဓိက လေယာဉ်ကွင်းတွေရှိ သူ့ရဲ့ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တင် လေယာဉ်တွေရဲ့ ၃၄ ရာခိုင်နှုန်း ဆုံးရှုံးခဲ့တယ်လို့ ယူကရိန်းပြည်တွင်းထောက်လှမ်းရေးဌာန SBU က ခန့်မှန်းထားပါတယ်။
ကပဲလာစပေ့စ် အမေရိကန်အာကာသကုမ္ပဏီဟာ တိုက်ခိုက်မှုတွေ မဖြစ်ပွားခင်မှာ မူးရ်မန့်စ်ခ်နဲ့ အင်းရ်ကုစ်ခ် ဒေသတွေရှိ လေတပ်အခြေစိုက်စခန်းတွေမှာ ရက်ချီ၊ သီတင်းပတ်ချီ ရပ်နားဆိုက်ကပ်ထားတဲ့ ရုရှားစစ်လေယာဉ်တွေရဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို ထုတ်ပြခဲ့ပါတယ်။
SAR ဂြိုဟ်တုရေဒါမှ ပုံရိပ်ဖမ်းယူ မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေကို ဇွန် ၂ ရက်မှာ ရိုက်တာသတင်းဌာနကိုပေးထားပြီး SAR ရေဒါစနစ်ကနေ အင်းရ်ကုစ်ခ် လေယာဉ်ကွင်းရှိ ပျက်စီးသွားတဲ့ လေယာဉ်များစွာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
မေလတုန်းက အမေရိကန်ကုမ္ပဏီ Planet Labs ဟာ တိုက်ခိုက်မှုမဖြစ်ပွားခင်က မေ ၂၉ ရက်က မူးရ်မန့်စ်ခ် ရှိ လေယာဉ်ကွင်းတခုမှာ TU-95 ဗုံးကြဲလေယာဉ်တွေ အပါအဝင် စစ်လေယာဉ်တွေ ဆိုက်ကပ်ထားပုံတွေနဲ့ မေ ၁၇ ရက်မှာ အိရ်ကုစ်ခ်ရှိ လေယာဉ်ကွင်းမှာ ရုရှားစစ်လေယာဉ်တွေကို ရပ်ထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို ပြသခဲ့ပါတယ်။
ယူကရိန်းဟာ စစ်ပွဲရဲ့ ရည်မှန်းချက် အရှိဆုံး တိုက်ခိုက်မှုတွေထဲမှတခုကို တနင်္ဂနွေမှာ စတင်လုပ်ဆောင်လိုက်တာဖြစ်ပြီး ဆိုက်ဘေးရီးယားနဲ့ တခြားနေရာတွေရှိ ရုရှားရဲ့ နျူကလီးယားပစ်လွှတ်နိုင်တဲ့ တာဝေးပစ်ဗုံးကြဲလေယာဉ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
Source:Reuters