
ထိုင်းနှစ်သစ်ကူး ဆုန်ကရန် (သင်္ကြန်) ရုံးပိတ်ရက် ပထမ ၃ ရက်အတွင်း ယာဉ်မတော်တဆတိုက်မှုတွေကြောင့် လူ ၉၅ ယောက် သေဆုံးခဲ့ပြီး တနင်္ဂနွေနေ့ သန်းခေါင်ယံအချိန်အထိ ယာဉ်တိုက်မှုပေါင်း ၅၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ ထိုင်အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ဧပြီ ၁၀ ရက်မှ ၁၂ ရက်အထိ ယာဉ်တိုက်မှု ၅၁၅ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၉၅ ယောက် သေဆုံးကာ ၄၈၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသယ်ယူပို့ဆောင်ရေး စစ်ဆေးရေးမှူးချုပ် ဖဒုံးဆတ် ဆာရုဂျိကမ်ဂျွန်ဝပ်ထနာက ပြောပါတယ်။
ထိုင်းမြောက်ပိုင်း လမ်းပန်းခရိုင်မှာ ယာဉ်တိုက်မှုအများဆုံး ၂၅ ကြိမ်နဲ့ ဒဏ်ရာရသူအများဆုံး ၂၅ ယောက်အထိရှိပြီး မြို့တော်ဘန်ကောက်မှာတော့ အဆိုပါ ၃ ရက် အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ အများဆုံး ၆ ယောက်ရှိတယ်လို့ဆိုပါတယ်။
တနင်္ဂနွေနေ့ တရက်တည်းမှာပဲ ယာဉ်တိုက်မှု ၁၇၁ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၂၄ ယောက် သေဆုံးကာ ၁၆၉ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ယာဉ်တိုက်မှုတွေထဲမှာ အရှိန်လွန်မောင်းနှင်မှုကြောင့် ၄၆ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး၊ ဒီနောက်မှာတော့ အရက်သေစာသောက်စားပြီး မောင်းနှင်မှုက ၂၄ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ယာဉ်တိုက်မှု ၇၇ ရာခိုင်နှုန်းထဲမှာ ဆိုင်ကယ်တွေ ပါဝင်နေပြီး ယာဉ်တိုက်မှုအများစုဖြစ်တဲ့ ၈၁ ရာခိုင်နှုန်းမှာ ဖြောင့်တန်းတဲ့ လမ်းတွေပေါ်မှာ ဖြစ်ပွားခဲ့တာပါ။
ထိုင်းနိုင်ငံ ပြစ်ဒဏ်စေ့စပ်ညှိနှိုင်းရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ တရားရုံးကနေ ပြစ်ဒဏ်ချမှတ်လိုက်တဲ့ အမှုပေါင်း စုစုပေါင်း ၁,၆၁၀ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီအထဲမှာ မူးယစ်သောက်စားပြီး မောင်းနှင်မှု ၁,၄၈၀ ကျော် မူးယစ်ဆေးဝါးသုံးစွဲပြီး မောင်းနှင်မှု ၁၂၇ မှု နဲ့ ပေါ့ဆစွာ မောင်းနှင်မှု ၃ မှု တို့ ပါဝင်နေတာ ဖြစ်ပါတယ်။
မူးယစ်မောင်းနှင်မှု အများဆုံးဖြစ်ပွားခဲ့တဲ့ ဒေသတွေကို ကြည့်မယ်ဆိုရင်တော့ ချင်းမိုင်ခရိုင်ဟာ အမှုပေါင်း ၂၄၆ မှုနဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။
သူ့နောက်မှာတော့ နွန်ထဘူရီခရိုင်မှာ ၁၄၇ မှု၊ စမွတ်ပရာကန်ခရိုင်က ၁၄၅ မှု တို့နဲ့ အသီးသီး ရှိနေတာပါ။ ဒါကြောင့် လက်ရှိ ချင်းမိုင်မှာလည်း ဆုန်ကရန်ကာလအတွင်း နေ့ရောညပါ အဖမ်းအဆီး အစစ်အဆေးတွေဟာ အရင်နှစ်ထက် ပိုတင်းကျပ်လာတာကို တွေ့ရပါတယ်။
ချင်းမိုင်မှာ စီမံချက်နဲ့တိုးပြီး အဖမ်းခံလိုက်ရတဲ့ အမျိုးသမီးတယောက်က “ညဘက် အိမ်အပြန်မှာ မူးမောင်းနဲ့မိတာ။ မိမိချင်း အရင်လို ဖြေရှင်းနည်းတွေနဲ့ ရှင်းလို့မရဘူး။ စီမံချက်နဲ့ ဖမ်းတာ ဆိုတော့လေ။ အဲဒီတော့ အချုပ်ကိုပါသွားတယ်။ အချုပ်ထဲမှာလည်း ကိုယ်လို အများကြီးပဲဆိုတော့ စိုးရိမ်စိတ်တော့ ပျောက်သွားတာပေါ့။ အရွယ်စုံပဲ အချုပ်ထဲမှာ၊ ယောက်ျားလေး၊ မိန်းကလေး အဲဒီတော့ ဒဏ်ကြေး ဘတ် ၇,၀၀၀ ဆောင်ပြီး အချုပ်ထဲမှာ ၉ နာရီလောက်တော့ နေလိုက်ရတယ်”လို့ ပြောပါတယ်။
လက်ရှိမှာ ထိုင်းအစိုးရအနေနဲ့ မူးယစ်မောင်းနှင်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ယာဉ်မတော်တဆမှုတွေကို လျှော့ချဖို့အတွက် စစ်ဆေးရေးဂိတ်တွေကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်နေပြီး အမှုဖွင့် ပြစ်ဒဏ်ချမှတ်ခံရသူတွေအနေနဲ့လည်း သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ လူမှုရေး လုပ်အားပေးတာတွေနဲ့ ပညာပေးအစီအစဉ်တွေမှာ မပျက်မကွက် ပါဝင်လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။










