DVB Logo
Home
Lead Story
ကိုကိုးကျွန်းပေါ်တွင် တရုတ်ထောက်လှမ်းရေးစခန်း ရှိနေပြီလော
DVB
·
April 3, 2023
ကိုကိုးကျွန်းပေါ်တွင် တရုတ်ထောက်လှမ်းရေးစခန်း ရှိနေပြီလော
1 / 4
Donate to DVB

ယနေ့ အိန္ဒိယသတင်းစာနှင့် မီဒီယာများတွင် ပွဲဆူသွားစေသည်က ဂြိုဟ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံများထွက်လာခဲ့ပြီး ထိုဓာတ်ပုံများထဲတွင် ကိုကိုးကျွန်းပေါ်ရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ အသစ်ထပ်မံဆောက်လုပ်နေသည်ကို တွေ့လိုက်ရ၍ပင်ဖြစ်သည်။ ယင်းသည် တရုတ်တို့အတွက် စပိုင်စခန်း ဖြစ်ဖွယ်ရှိသည်ဟု သုံးသပ်နေကြသည်။

ထိုဓာတ်ပုံ၏ အလယ်တည့်တည့်တွင် အသစ်စက်စက် လေယာဉ် သိုလှောင်ရုံနှစ်ခုကို တွေ့ရသည်။ မြောက်ဘက်တွင် သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားရှည်ကြီး တခုနှင့် ရေတပ် သင်္ဘောများ အဝင်အထွက်များ တွေ့ရသည်ဟု ဆိုသည်။

ထို့ပြင် လေယာဉ်ပြေးလမ်း၏ အရှည်အားလည်း ယခင် ၁,၃၀၀ မှ  မီတာ ၂,၃၀၀ အထိ ထပ်မံ တိုးချဲ့ထားသည်၊ ယခုကိစ္စအား လန်ဒန်ရှိ ချာတန်ဟောက်စ် တွေးခေါ်မြော်မြင်ရေးအဖွဲ့ကြီးမှ စတင် ‌ဖော်ထုတ်လာခဲ့ခြင်း ဖြစ်သည်။

ထိုအဖွဲ့ကြီး၏ အစီရင်ခံစာတွင် မြန်မာစစ်တပ်သည် တရုတ်နှင့် ပေါင်းပြီး ရေတပ် ထောက်လှမ်းရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

စစ်တပ်အား  မြို့ကြီးများရှိ ၎င်းတို့နိုင်ငံသားများအား စောင့်ကြည့်ထောက်လှမ်းနိုင်ရန် နည်းပညာ အကူအညီနှင့် ပစ္စည်းများ ထောက်ပံ့ထားပြီးဖြစ်၍ ကိုကိုးကျွန်းကိစ္စသည် မဖြစ်နိုင်စရာ မရှိဟု ရေးသားထားသည်။

တရုတ်သည် စစ်အခြေစိုက်စခန်း မဟုတ်သည့်တိုင် ယခုလို ကြားဖြတ် နားထောင်နိုင်သည့် listening post ရှိနေလျှင်ပင် မဟာဗျူဟာအရ အိန္ဒိယသမုဒ္ဒရာတွင် လုံးဝ အသာစီးရရှိသွားပြီး ကပ္ပလီကျွန်းစုများရှိ အိန္ဒိယ ကြည်း၊ ရေ၊ လေ စစ်ဌာနချုပ်အား ခြိမ်းခြောက်လာနေပြီ ဖြစ်သည်။

မြန်မာအလံလွှင့်ထူထားသော ငါးဖမ်းသင်္ဘောများကို အိန္ဒိယဘက်မှ ကြားဖြတ်ဟန့်တားသည့် အခါတိုင်း သင်္ဘော‌ပေါ်တွင် ရေဒီယိုနှင့် သမုဒ္ဒရာအောက် ရေငုပ်သင်္ဘောရှာကိရိယာများနှင့်အတူ တရုတ်နိုင်ငံသားများကို မကြာခဏဆိုသလို တွေ့ရှိရသည်ဟု ဆိုသည်။

အိန္ဒိယသည် ထိုကိစ္စအပေါ် ကာလကြာမြင့်စွာကတည်းက သံသယရှိနေပြီး တဖြည်းဖြည်းနှင့် စိုးရိမ်စရာ ဖြစ်လာနေသည်။ စစ်တပ်က အိန္ဒိယအပေါ် နိုင်ကွက်ရနေသည့်အရေးဖြစ်ပြီး  မြန်မာ စစ်တပ်အပေါ် လိုက်လိုက်လျောလျော ဆက်ဆံနေခြင်း၏ အကြောင်းရင်းများထဲတွင်လည်း တခုအပါအဝင် ဖြစ်သည်။

အိန္ဒိယအစိုးရသည် ထိုကိစ္စအပေါ် ဖုံးဖုံးဖိဖိ လုပ်ထားသော်လည်း ယခုအခါတွင်တော့ လန်ဒန် ချာတန်ဟောက်စ်၏ အထောက်အထားများကြောင့် စစ်တပ်နှင့် အိန္ဒိယ ဆက်ဆံရေးသည် ထိခိုက်သွားနိုင်ဖွယ် ရှိနေသည်။

လက်ရှိတွင် မင်းအောင်လှိုင်သည် သမ္မတဖြစ်ရေး ရည်မှန်းချက်၏ တစိတ်တပိုင်းအဖြစ် သူ၏ အာဏာကို အခိုင်အမာတည်ဆောက်နိုင်‌ရေးအတွက် တပ်လက်ကိုင်ရှိသူများအား ဖယ်ထုတ်ခြင်း၊ အစားထိုး ခန့်အပ်ခြင်းများ ပြုလုပ်လာနေပြီ ဖြစ်သည်။

ကရင်ပြည်နယ်ဆိုင်ရာ အထူးစစ်ဆင်ရေးဗျူရို အမှတ် (၄) မှ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီးခင်လှိုင်ကို ရာထူးမှ ထုတ်ပယ်လိုက်သည်၊ ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးများတွင် အကြီးအကျယ် အရေးနိမ့်နေ၍ ဖြစ်သည်။ ခင်လှိုင်သည် ယမန်နှစ်က ထုတ်ပယ်ခံခဲ့ရသော ဒုဗိုလ်ချုပ်ကြီးသန်းလှိုင် ပြီးလျှင် ဒုတိယမြောက် ဖြစ်သည်။ ခင်လှိုင်နေရာတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်ချုပ်ညွန့်ဝင်းဆွေအား ဒုဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ကာ ပြောင်းရွှေ့ ခန့်ထားလိုက်သည်။

ဗိုလ်ချုပ်မြတ်သက်ဦးသည်လည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ရွှေ့ပြောင်းခံရပြီး သူ့နေရာတွင် အမှတ် (၁၁) ခြေမြန်တပ်မ ဌာနချုပ် တပ်မမှုး ဗိုလ်မှူးချုပ်စိုးမင်းနှင့် အစားထိုးလိုက်သည်။ မြတ်သက်ဦး နေရာတွင် နေပြည်တော်မှ ဗိုလ်ချုပ်ဇော်ဟိန်းမှ တာဝန်ယူမည်ဖြစ်ပြီး သူ့နေရာတွင် ဗိုလ်မှူးချုပ်ဝေလင်း အား ခန့်ထားလိုက်သည်။

မင်းအောင်လှိုင် လက်အောက်တွင် ဗိုလ်ချုပ်များ ဖောခြင်းသောခြင်း ခန့်ထားသော်လည်း ယခုလို အခြေအနေဆိုးမျိုးမှ ရုန်းထွက်နိုင်ရန် အရည်အချင်း မရှိသူများချည်း ဖြစ်နေသည်ကို တွေ့ရသည်။ ၎င်းတို့အဖို့ မင်းအောင်လှိုင်ကြောင့် သက်သောင့်သက်သာ အေးအေးဆေးဆေးဖြင့် အခွင့်ထူးခံ နေလာရသည့် ဘဝများ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ 

စစ်ဗိုလ်ချုပ်များ လက်စွမ်းပြနိုင်ခဲ့ကြသည့် အဖြစ်ကို ထန်တလန်မြို့ ပြာပုံဘဝ ရောက်သွားခဲ့သည်က သက်သေခံနေပြီ ဖြစ်သည်။ ၂၀၂၃ နှစ်ထဲတွင် လက်နက်ကြီးများဖြင့် လူနေရပ်ကွက်များကို အကြိမ် ၁၀၀ ခန့် ပစ်ခတ်ခဲ့ကြပြီး ဖြစ်သည်ဟု RFA သတင်းတွင် ဖော်ပြထားသည်။ နောက်ဆုံးအကြိမ် တိုက်ခိုက်မှုတွင် အသက် ၆ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ် နှစ်ဦး သေဆုံးသွားခဲ့ပြီး ၂၀ ခန့် ဒဏ်ရာရရှိသွားခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် မည်သို့မျှ အကြောင်းမရှိဘဲ တမင်တကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦးက ဆိုသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်တပ်ဆင်နွှဲနေသော ပြည်တွင်းစစ်ကြီးတွင် ထိုသို့ ပြာပုံဘဝ ရောက်ခဲ့ရသည့် မြို့ တမြို့တလေမျှ မရှိခဲ့ဖူး၍ စစ်ခေါင်းဆောင်များ အရည်အချင်း မည်မျှ ရှိသည် ဆိုသည်က သိသာနေပြီ ဖြစ်သည်။

၎င်းတို့ကြောင့် တိုင်းပြည် လူဦးရေ၏ သုံးပုံတပုံခန့်သည် သေရေးထက် ရှင်ရေးက ပို၍ ခက်ခဲလာနေပြီး အသက်တချောင်းကို ကုပ်ကပ်မွေးမြူနေကြသည့်အဖြစ် ဆိုက်‌ရောက်နေပြီ ဖြစ်သည်။

ချင်းတိုင်းရင်းသားများအပေါ် ထိုသို့ လူစိတ်ပျောက်ကာ တိရစ္ဆာန်ထက်ပင် ယုတ်ညံ့စွာ တွေးခေါ် ပြုကျင့်နေကြသည့် အဖြစ်ကိုတော့ ကျွန်တော်အဖို့ ရင်နာ၍ မဆုံးနိုင်တော့ပေ။

၎င်းတို့အပေါ် ပြည်သူများ စိတ်ထဲတွင် မည်သို့မျှ မကျေနိုင်တော့သည့် မုန်းတီးရွံရှာနေသည့် အစိုင်အခဲကြီးများ မည်မျှအထိ ကြီးထွားနေကြပြီ ဆိုသည်ကလည်း မပြေဘဲနှင့် သိသာနေပြီ ဖြစ်သည်။ ထိုသို့သော လူများကို ညံ့ဖျင်းမိုက်မဲလှသောလူများကလွဲ၍ မည်သူကကော အစိုးရ တရပ်ဟူ၍ အသိအမှတ်ပြုကြပေမည်နည်း။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

လှစိုးဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013