DVB Logo
Home
မြန်မာသတင်း
ရေစကြို၊ ရေလယ်ကျွန်းနှင့် ကျောက်ထုတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံး ဒဏ်ရာရ
DVB
·
April 2, 2023
ရေစကြို၊ ရေလယ်ကျွန်းနှင့် ကျောက်ထုတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံး ဒဏ်ရာရ
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ဧပြီ ၁ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေဆုံးကာအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖက သိရပါတယ်။

အမှတ်(၈) သုခဝတီရပ်ကွက်၊ ကပ်ကျော်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မနေ့ မွန်းလွဲ ၂ နာရီလောက်မှာ မိုင်း ၆ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်တပ်က ၂ ယောက် ပွဲချင်းပြီးသေဆုံးကာ ၁ ယောက်ကတော့ ဆေးရုံမှာ သေဆုံးပြီး ၃ ယောက်က ခြေပြတ်လက်ပြတ်ဖြစ်ကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာလည်း  ဧပြီ ၁ ရက်မနက်က ရိက္ခာသယ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံးကာ PDF ရဲဘော် ၁ ယောက်ကျဆုံးပြီး ၁ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ်(၁၀)တပ်ရင်း၊တပ်ခွဲ(၂) သွေးသောက်တော်လှန်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

မင်းရွာပျူစခန်းကနေ မြင်းခြံမြို့နယ် ပတ္တာရွာမှာ ရိက္ခာထောက်ပို့ပစ္စည်းတွေယူပြီး ပြန်လာတဲ့ ခလရ ၂၅၈ က စစ်ကောင်စီတပ်သား၊ ရဲနဲ့ ပျူစောထီးအင်အား ၃၀ လောက်ကို ဧပြီ ၁ ရက် မနက် ၉ နာရီ မိနစ် ၅၀ ကနေ ၁ နာရီခွဲအထိ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နေရင်းရွာအရှေ့ဘက်နားမှာ ခြုံခိုတိုက်ခိုက်ခဲ့တာလို့ သွေးသောက်တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်ပန်က ပြောပါတယ်။

“တိုက်ပွဲအတွင်းမှာ RPG 7 Error ဖြစ်ပြီး ကျနော်တို့ဘက်က ရဲဘော်တယောက် တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ကာ၊။ ရဲဘော် ၁ ယောက် ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်။”

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်ကလည်း ၅ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာတယ်လို့ဆိုပြောပါတယ်။

မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုဒေသမှာလည်း မတ်လ ၃၀ ရက် နေ့လယ်က စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး ၃၀ ယောက်ထက်မနည်းသေဆုံးကာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၈၊၉) တပ်ရင်း PDF-ကျောက်ထုက ဧပြီလ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ကျောက်ထုဒေသ စံကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ တပ်မ ၇၇ နဲ့ ၁၀၁ က စစ်ကောင်စီတပ်သား အင်အား ၁၅၅ ယောက်လောက်ပါတဲ့စစ်ကြောင်းကို မတ်လ ၃၀ ရက် နေ့လယ် ၁၂ နာရီ ၂၅ မိနစ်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စံကျေးရွာနားက တောင်ပျောက်ကုန်းမှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ကြတာလို့ PDF-ကျောက်ထုရဲ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရန်ကင်းက ပြောပါတယ်။

၂ နာရီလောက် အပြင်းထန်တိုက်ပွဲဖြစ်ပြီး ကျောက်ထုအမြာက်တပ်ကလည်း ၁၂၀ မမ လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်သလို ညနေ ၃ နာရီ ၄၅ မိနစ်ကနေ ၄ နာရီ ၁၀ မိနစ်အထိ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဥ်နဲ့ လေကြောင်းကနေ ၄ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ကာ အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေကတော့ စံကျေးရွာဘက်ကို ပြန်ဆုတ်သွားကြပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၃၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ညနေ ၆ နာရီ ၄၅ မိနစ်မှာ စံကျေးရွာနားက စစ်ဘေးရှောင် စခန်းတွေကို မီးရှို့ဖျက်ဆီးပြီး စစ်ကောင်စီအလောင်းတွေကို လက်စဖျောက်ခဲ့ကြတယ်လို့ ဗိုလ်ရန်ကင်းက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို YDF၊CDF-မင်းတပ်တို့နဲ့ အတူပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF ရဲဘော်တချို့ အသေစားထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့ ဒဏ်ရာအခြေနေက မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြားအ အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013