DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံသို့ မြန်မာ ထောပတ်သီး တရားဝင်တင်ပို့နိုင်ရန် ကြိုးပမ်းနေ
DVB
·
April 2, 2023
တရုတ်နိုင်ငံသို့ မြန်မာ ထောပတ်သီး တရားဝင်တင်ပို့နိုင်ရန် ကြိုးပမ်းနေ
Donate to DVB

တရုတ်နိုင်ငံကို ထောပတ်သီး တရားဝင်တင်ပို့‌ရောင်းချနိုင်ဖို့အတွက် တရုတ်နိုင်ငံ ကုန်ပစ္စည်း အရည်အသွေးကြီးကြပ်ရေးနဲ့ အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (GACC) ထံကို မြန်မာနိုင်ငံဘက်က ထောပတ်သီးစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ် စံနှုန်းသတ်မှတ်ချက်တွေပါတဲ့ protocolကို  ပေးပို့တင်ပြထားတယ်လို့ ထောပတ်သီး စိုက်ပျိုး ထုတ်လုပ်သူတွေ ထံကသိရပါတယ်။

တရုတ်နိုင်ငံ GACC အဖွဲ့နဲ့  မြန်မာနိုင်ငံအကြား သဘောတူစာချုပ်  MOU လက်မှတ်ရေးထိုးပြီးမှသာ တရုတ်နိုင်ငံကို မြန်မာထောပတ်သီး တရားဝင်တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံကို မြန်မာနိုင်ငံက သီးနှံ ၉ မျိုး တရားဝင် တင်ပို့ခွင့်ရရှိထားပြီး ထောပတ်သီးနဲ့ နာနတ်သီးကို ထပ်မံတင်ပို့ခွင့်  ရရှိနိုင်ဖို့ ဆောင်ရွက်နေတာပါ။

ထောပတ်သီး လုပ်ငန်းရှင်တစ်ဦးက“တရုတ်ကို မြန်မာဘက်က ထောပတ်သီးတွေတရားဝင်တင်ပို့ဖို့ လုပ်ငန်းစဉ် စတင်နေပြီလို့ သိရပါတယ်။ ထောပတ်သီး protocol ကို တရုတ် GACC ဘက်ကိုပေးပို့ထားပြီးတဲ့ အဆင့်ပါ။ တရုတ်ဘက်က စစ်ဆေးရေးက လူကိုယ်တိုင်လာမလား အွန်လိုင်းစစ်မလားမသိသေးဘူး”လို့ ပြောပါတယ်။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ မြန်မာ့ငှက်ပျောကို တရားဝင် တင်ပို့ခွင့်ပြုခဲ့ပါတယ်။ လက်ရှိမှာတော့ နာနတ်သီးတင်ပို့ခွင့်နဲ့ ပတ်သက်ပြီး MoU အကြမ်းကို တရုတ်နိုင်ငံ GACC ဘက်က  ပေးပို့ထားလို့ တောင်သူ လုပ်ငန်းရှင်အသင်းအဖွဲ့တွေ သဘောထား မှတ်ချက်ပြန်ယူပြီးတဲ့ အဆင့်ရောက်ရှိနေပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း တာဝန်ရှိသူတစ်ဦးက “တရုတ်နဲ့ဆိုရင် ကုန်သွယ်မှုရထားတဲ့ သီးနှံ ၉ မျိုးပဲရှိတယ်။ အဲထဲမှာ ထောပတ်သီးမပါဘူး။ GACC ဆိုတဲ့ List မှာ မပါလာဘူးဆိုရင် တရုတ်နဲ့ ကုန်သွယ်လို့မရဘူး” ပြောပါတယ်။

GAP စနစ်နဲ့ စိုက်ပျိုးထွက်ရှိပြီး GAP လက်မှတ်ရထုတ်ပိုးစက်ရုံကနေ ထုတ်လုပ်ထားတဲ့ ထောပတ်သီးကိုသာ တရုတ်နိုင်ငံက တင်ပို့ခွင့်ပြုမှာဖြစ်ပြီး ပိုးမွှားရောဂါကာကွယ်ထိန်းချုပ်ရေးကိုလည်း စနစ်တကျ လုပ်ဆောင်ဖို့ လိုအပ်မယ်လို့ သိရပါတယ်။

လက်ရှိ ဒီကဏ္ဍမှာတော့ ထောပတ်သီးကို ကန်ထရိုက်လယ်ယာစနစ်နဲ့ စိုက်ပျိုးပြီး ထုတ်ပိုးစက်ရုံ ထူထောင်ကာ ပြန်လည်တင်ပို့နိုင်ရေး လုပ်ဆောင်ဖို့အတွက် တရုတ်၊ ထိုင်းနဲ့ မလေးရှားက သစ်သီးကုမ္ပဏီအုပ်စုကြီးတွေနဲ့ ဆွေးနွေးဆောင်ရွက်နေကြတယ်လို့ ယင်းအသိုင်းအဝိုင်းကနေ သိရပါတယ်။

မြန်မာ့ထောပတ်သီးနှံဟာ လက်ရှိမှာ ပြည်ပစျေးကွက်တွေ ချဲ့ထွင်တင်ပို့နိုင်ဖို့ အခွင့်အလမ်းကောင်းတွေ ရှိနေပေမဲ့ ပြည်တွင်းမှာ သွင်းအားစုစျေး ကြီးမြင့်နေတာ၊ လျှပ်စစ်မီး မမှန်တာ၊ ကျွမ်းကျင်လုပ်သားရှားပါးတာနဲ့ ပို့ကုန်ရငွေကို မြန်မာကျပ်ငွေလဲလှယ်ရမယ်ဆိုတဲ့ မူဝါဒ အပါအဝင် ကုန်သွယ်ရေး မူဝါဒ အပြောင်းအလဲတွေ ဖြစ်ပေါ်နေတာစတဲ့ အချက်တွေက ထောပတ်သီးကဏ္ဍအပေါ်မှာ  သက်ရောက်မှုတွေ ရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ စိုက်ပျိုးထွက်ရှိတဲ့ ထောပတ်သီးပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ ပြည်တွင်းစားသုံးပြီး ၉၀ ရာခိုင်နှုန်းကို ပြည်ပတင်ပို့နေတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ မြန်မာ့ထောပတ်သီးတွေကို ပုံမှန်လမ်းကြောင်းကနေ မလေးရှားနိုင်ငံကို အနည်းငယ်တင်ပို့နေပြီး အိမ်နီးချင်းထိုင်းစျေးကွက်ကို  နယ်စပ်လမ်းကြောင်းကနေ အများအပြား တင်ပို့ရောင်းချနေပေမဲ့ တရားဝင်ကုန်သွယ်မှုဖြစ်ဖို့အတွက် နှစ်နိုင်ငံအစိုးရချင်း G to G သဘောတူညီချက်ရရှိဖို့ လိုအပ်နေသေးတယ်လို့ ကုန်သည် လုပ်ငန်းရှင်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ထောပတ်သီးကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ အဓိက စိုက်ပျိုးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013