DVB Logo
Home
မြန်မာသတင်း
Project DragonFly မှ ကန်ဒေါ်လာ ၁ ဒသမ ၄ သန်းကို လေကြောင်းရန်ကာကွယ်ရေးအတွက် သုံးစွဲနေဟု NUG ပြော
DVB
·
March 31, 2023
Project DragonFly မှ ကန်ဒေါ်လာ ၁ ဒသမ ၄ သန်းကို လေကြောင်းရန်ကာကွယ်ရေးအတွက် သုံးစွဲနေဟု NUG ပြော
Donate to DVB

စစ်ကောင်စီတပ်တွေရဲ့ စစ်ဘက်လေယာဉ်တွေကို ပစ်ချနိုင်ရေးအတွက် Project Dragonfly က ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်း လက်ခံရရှိသုံးစွဲနေပြီး စစ်ဆင်ရေး အောင်မြင်မှုတွေကိုတော့ လုံခြုံရေးအရ သင့်လျော်တဲ့အချိန်တွေမှာ ထုတ်ပြန်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရရှိထားတဲ့ အဆိုပါရန်ပုံငွေတွေကို လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်းနဲ့ တန်ပြန်လေကြောင်းတိုက်ခိုက်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၈ သိန်း လျာထားသုံးစွဲနေတယ်လို့ ဆိုပါတယ်။

Project DragonFly နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကို မတ် ၃၀ ရက်စွဲနဲ့ အသိပေး ထုတ်ပြန်လိုက်တာဖြစ်ပြီး ​NUG အစိုးရရဲ့ ဘဏ္ဍာငွေရှာဖွေရေး အစီအစဉ်တွေမှာ အတတ်ပညာ၊ အသိပညာ၊ ငွေကြေးအားတွေနဲ့ ပါဝင်ကူညီအားဖြည့်ပေးနေကြသူ တဦးချင်းစီတိုင်းရဲ့ ကြိုးစားအားထုတ်မှုတွေကိုလည်း လေးစားစွာနဲ့ အသိအမှတ်ပြုတယ်လို့ ဖော်ပြပါတယ်။

ဒီအစီအစဉ်ကိုတော့ Click2donate နဲ့ ပန်ဆယ်လိုတို့ ဦးဆောင်ခဲ့ကြတာဖြစ်ပြီး အမေရိကန်၊ ကနေဒါ၊ ယူအေအီး၊ ဩစတြေးလျ၊ ဂျပန်၊ စင်ကာပူ၊ မလေးရှားနဲ့ ထိုင်း စတဲ့နိုင်ငံတွေမှာ နေထိုင်ကြသူတွေဆီက အလှူငွေတွေ ကောက်ခံခဲ့တာဖြစ်ပြီး စတင်ခဲ့တဲ့ ပထမ ၂ ရက်အတွင်းမှာ သိန်းထောင်ချီ ရရှိခဲ့တာဖြစ်ပြီး ရက်ပိုင်းအတွင်းမှာတင် ကနဦး မျှော်မှန်းထားတဲ့ ပမာဏထက် ကျော်လွန်ရရှိခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

အကြမ်းဖက်စစ်ကောင်စီဟာ လေကြောင်းကနေ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့နေရာကို တိုက်ခိုက်တာထက် အရပ်သားပြည်သူတွေ နေထိုင်ရာကို ပိုတိုက်ခိုက်ခဲ့တယ်လို့ စောင့်ကြည့်လေ့လာတဲ့ စစ်တမ်းတခုအရ သိရပါတယ်။

စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်းတွေ အင်အားချည့်နဲ့လာတာကို လေကြောင်းကနေ တိုက်ခိုက်တာ ပိုလုပ်လာတာက သက်သေပြနေတယ်လို့ BNI-Myanmar Peace Monitor ရဲ့ ထုတ်ပြန်ချက်တခုက ဆိုပါတယ်။

BNI ရဲ့ မှတ်တမ်းတွေအရ စစ်အာဏာသိမ်းမှုစခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အတွင်း စစ်ကောင်စီဟာ လေကြောင်းကနေ ၂၅၈ ရက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ရှိချက်အရ လေကြောင်းကတိုက်ခိုက်တဲ့ တရက်မှာ အကြိမ်ရေ အနည်းဆုံး ၃ ကြိမ်ကနေ ၅ ကြိမ်အထိ တိုက်ခိုက်ပြီး မှတ်တမ်းပြုစုရာမှာ မြို့နယ်အလိုက် ရက်နဲ့ မှတ်တမ်းတင်ထားတာ ဖြစ်လို့ အကြိမ်ရေဟာ ဒါထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လေ့လာကြည့်ရင် အရပ်သားပြည်သူတွေ နေထိုင်ရာ ရပ်ရွာတွေ၊ စာသင်‌ကျောင်းနဲ့ စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာကို အများဆုံးတွေ့ရပြီး တိုက်ခိုက်တဲ့ ရက်တွေထဲက ၉၈ ရက်ဟာ အရပ်သားပြည်သူတွေ နေထိုင်ရာကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီ၊ ကယား၊ ချင်း၊ စစ်ကိုင်း စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း အကြမ်းဖက်စစ်အုပ်စုဟာ မြေပြင်စစ်ကြောင်းကသာမက လေကြောင်းကနေပါ တိုက်ခိုက်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013