DVB Logo
Home
မြန်မာသတင်း
မုပ္ပလင် စစ်ဆေးရေးဂိတ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ ကလိန်အောင်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရ
DVB
·
March 29, 2023
မုပ္ပလင် စစ်ဆေးရေးဂိတ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ ကလိန်အောင်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရ
1 / 2
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်မှာ  စစ်ကောင်စီယာဥ်တန်းကို ကျိုက်ထို PDF ပူးပေါင်းအဖွဲ့က မတ် ၂၉ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထို PDF တွေက ပြောပါတယ်။

ပဲခူးဘက်ကနေလာတဲ့ စစ်ကောင်စီကားတန်းတွေက စစ်ဆေးရေးဂိတ်မှာ ရပ်နားနေစဥ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာဖြစ်ပြီး မုပ္ပလင်ရဲစခန်းက လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာမှာ မုပ္ပလင် မြို့သစ်(၂)က ဒေါ်ကျင်မြရဲ့ အိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး လူအထိအခိုက်မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မြေပြင်ကဒေသခံတွေရဲ့အဆိုအရ စစ်ကောင်စီယာဥ်တန်းနဲ့လိုက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူလည်းရှိသလို နေ့လယ် ၁၂ နာရီလောက်မှာလည်း လက်ပံသုဿာန်မှာ တပ်စွဲထားသည့် စစ်သားတပ်ကို  ကျိုက်ထို PDF ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။

တနင်္သာရီတိုင်း၊  ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့မှာလည်း ကျောက်ရှပ်ရွာ ရေး-ထားဝယ်လမ်းပိုင်း မိုင်တိုင် ၄၁ အနီးမှာ မတ်လ ၂၈ ရက် မနက် ၉ နာရီလောက်က စစ်ကား ၅ စီးပါ ယာဉ်တန်းကို ကလိန်အောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ ခုဖြစ်တဲ့ Spring Dhamma PDF နဲ့ ရွှေဘီလုံးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုရှိပေမဲ့ အရေအတွက် အတိအကျ အသေးစိတ် အတည်မပြုနိုင်သေးပါဘူး။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ကျောက်ရှပ်ရွာက အသက် ၆ နှစ်အရွယ် ကလေးငယ်တဦးရဲ့ ခြေထောက်ထိမှန်ပြီး ကလိန်အောင်ဆေးရုံမှာ ဆေးကုသနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလိန်အောင်မြို့ခံတဦးက“၂၇ ရက်၊ ၂၈ ရက် နှစ်ရက်စလုံး ပစ်သံခတ်သံတွေ ကြားနေရတာပဲ။ လမ်းပိုင်း အစစ်ဆေးလည်း ကျပ်ထားတယ်။ ကံပေါက် ကလိန်အောင်အပိုင်းက အစစ်ဆေးပိုကျပ်တယ်” လို့ ပြောပါတယ်။

ကံပေါက်လမ်းပိုင်းက ပြင်ပို့တောင်အနီး မှာလည်း မတ်လ ၂၇ ရက် မနက်အစောပိုင်းမှာ သေနတ်သံတွေ ဆက်တိုက်ထွက်ပေါ်ခဲ့ပြီး လမ်းပိုင်းသွားလာခွင့်ကို ၁ နာရီနီးပါး ပိတ်ခဲ့တယ်လို့ လမ်းပိုင်းအသုံးပြုတဲ့ ကားသမားတွေဆီက သိရပါတယ်။

လမ်းပိုင်းပိတ်ပြီး ပြန်လွှတ်ပေးတဲ့အခါမှာလည်း မောရဝတီရေတပ်က စစ်ကောင်စီ တပ်သားတွေက လမ်းပိုင်းအသုံးပြုတဲ့ ကားအားလုံးကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၈ ရက်က မိုင်းဆွဲခံရတဲ့ ကျောက်ရှပ်ရွာမှာ စစ်ကောင်စီ ခြေမြန်တပ်ရင်း ၄၁၀ တည်ရှိပြီး လကုန်ရက်တွေမှာ ရိက္ခာယာဉ်တန်း ထွက်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကလိန်အောင်-ထားဝယ်လမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲခံရလေ့ရှိပြီး မတ်လအတွင်းမှာတော့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတာတွေအပြင် လမ်းအထူးအဖွဲ့ဝန်ထမ်းတွေ လိုက်ပါလာတဲ့ကားနဲ့ ကံပေါက်ဒေသခံတဦးရဲ့ အုတ်သယ်ကား (ကန်တာအမျိုးအစား) ၂ စီး လမ်းပိုင်းမှာ အပစ်ခံရပြီး လိုက်ပါသူတွေမှာ ဒဏ်ရာရတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် ကျောက်ရှပ်ရွာက လက်နက်ကြီးထိမှန်တဲ့ ကလေးငယ် အပါအဝင် ရေဖြူမြို့နယ်မှာ တလအတွင်း လက်နက်ကြီး ထိမှန်ဒဏ်ရာရသူ ၂ ဦး ရှိခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရေဖြူမြို့နယ်ဟာ တနင်္သာရီတိုင်းမှာ အရပ်သားထိခိုက်မှုပမာဏ ဒုတိယအများဆုံးမြို့နယ်ဖြစ်တယ်လို့ ထားဝယ်ဒေသက လွတ်လပ်တဲ့သုတေသနအဖွဲ့တခုဖြစ်တဲ့ Southern Monitor အဖွဲ့ရဲ့ လစဉ်သုတေသနမှတ်တမ်းတွေအရသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013