DVB Logo
Home
မြန်မာသတင်း
ကျိုက်ထို၊ ပုလောနှင့် ကလေးမြို့နယ်တို့၌ စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် အရပ်သားများ သေဆုံး ဒဏ်ရာရ
DVB
·
March 28, 2023
ကျိုက်ထို၊ ပုလောနှင့် ကလေးမြို့နယ်တို့၌ စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် အရပ်သားများ သေဆုံး ဒဏ်ရာရ
1 / 4
Donate to DVB

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ မတ် ၂၇ ရက် ည ၈ နာရီလောက်က စစ်ကောင်စီအခြေစိုက် ဘိုက္ကားတပ်စခန်း  တပ်စခန်းကနေ လက်နက်ကြီးပစ်ခတ်လို့ အရပ်သား ၂ ယောက် သေဆုံးခဲ့သလို တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မဲရုံးလေးနား ကျောက်ပုံရွှေလုပ်ကွက်မှာ လုပ်ကိုင်နေကြချိန်မှာ လက်နက်ကြီးကျည် ကျပေါက်ကွဲမှုကြောင့် ဒေသခံ ၆ ယောက် ထိမှန်ပြီး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တယောက်က စိုးရိမ်ရတယ်လို့ ဒေသခံတွေရဲ့အဆိုအရ သိရပါတယ်။

ဘိုကားကျေးရွာမှ စောနောင် (၂၄ နှစ်)၊ ကွင်းကလေးကျေးရွာမှ လျှံထက်အောင် (၂၂ နှစ်) တို့ သေဆုံးပြီး  စိုးရိမ်ရအခြေအနေဒဏ်ရာရရှိတဲ့ ဦးဝင်းဌေးကိုတော့ သထုံဆေးရုံကို လွှဲပြောင်းပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကောင်စီမှ ညတိုင်းနီးပါး လက်နက်ကြီးပစ်ခတ်နေမှုကြောင့်  မတ် ၂၀ ရက်နေ့ကလည်း ကရဝေးဆိပ် ရွာလယ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသလို စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ်ဘက်က ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်တွေဟာ မကြာခဏ တိုက်ခိုက်ခံရတာကြောင့် အထိနာ အကျအဆုံးများလာခဲ့တာကြောင့် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံနေရပါတယ်။

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဒေသခံ ၂ ယောက်ကို မတ် ၂၅ ရက်နေ့မှာ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရ ပါတယ်။

နတ်အိမ်တောင်ရွားသားတွေဖြစ်တဲ့ အသက် ၄၂ နှစ်ရှိ ဦးတင်ဦး နဲ့ အသက် ၄၃ နှစ်ရှိ ကိုမျိုးမင်းသူတို့ ပစ်သတ်ခံခဲ့ရတာပါ။

ဒေသခံ တစဦးက “ကိုမျိုးမင်းသူဟာ ဆိုင်ကယ်နဲ့ ရွာထဲ ဝင်လာချိန် စစ်ကောင်စီတပ်သား တွေနဲ့ တိုးပြီး ပစ်သတ်ခံရတာပါ။ ကိုတင်းဦးကတော့ ဥယျာဉ်ထဲမှာ ပစ်သတ်ခံရတာပါ”လို့ ဆိုပါတယ်။

ပစ်သတ်ခံရတဲ့သူတွေဟာ သာမန်အရပ်သားတွေဖြစ်ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်မှု မရှိဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

ပုလောကုန်းကျေးရွာနားမှာ မတ် ၂၄ ရက်က စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားကြပြီး စစ်တပ်က ပုလောကုန်းကျေးရွာနားက နတ်အိမ်တောင်ရွာကိုလည်း မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်ထဲမှာ မတ် ၂၅ ရက်မှာလည်း ဆိုင်ကယ်မောင်းနှင်းလာတဲ့ ဒေသခံလူငယ် ၄ ယောက်ကို ကမ္မလိုင်းဂိတ်မှာ စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ ၂ ယောက် သေဆုံးသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီလက်အောက်ခံ ကလေးမြို့တွင်းတပ်တွေကနေ မတ်လ ၂၇ ရက်က မြို့နယ်တဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ဟာ ကလေးနယ်အနောက်မြောက်ဘက်ဒေသ လက်ပံချောင်းကျေးရွာအတွင်းကို ၂ ကြိမ် ကျရောက်ပေါက်ကွဲပြီး ရွာအနီးတဝိုက်မှာ ၃ ကြိမ် ကျရောက်ပေါက်ကွဲခဲ့တာလို့ လက်ပံချောင်းရွာ ဒေသခံတဦးက ပြောပါတယ်။

“ရွာထဲမှာ ၂ ကြိမ်ကျတာ။ ပထမတကြိမ်က အမျိုးသမီးတဦး ခြေထောက်မှာ ထိမှန်ဒဏ်ရာရတာ။ ဒုတိယတကြိမ်ကတော့ C ရပ်ကွက်မှာ ကျတာ။ နေအိမ်ထိမှန်ပြီး နေအိမ်အနည်းငယ် ပျက်စီးသွားတယ်။ တရွာလုံးကတော့ ကြောက်လို့ အိမ်ထဲမှာပဲနေကြတာ။ အပြင်မထွက်ရဲကြဘူး။”

ကလေးမြို့ပြစစ်ဆင်ရေး Special Underground တပ်ဖွဲ့က မနက်ပိုင်းမှာ တောင်ဇလပ်ရပ်ကွက်ရှိ စသုံးလုံးရုံးကို တိုက်ခိုက်ခဲ့ပြီးနောက် ကလေးမြို့တွင်းမှာရှိတဲ့ စစ်တပ်တွေကနေ မြို့နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။

အဲ့ဒီနေ့ညနေပိုင်းမှာပဲ တောင်ဇလပ်ရပ်ကွက်ရှိ ဆည်မြောင်းရုံးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သား ၂ ဦးကို SUG အဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့ပါသေးတယ်။

မနှစ် ဒီဇင်ဘာလကလည်း စစ်ကောင်စီက ကလေးမြို့တွင်း စစ်တပ်ကနေ မြို့နယ်တဝိုက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နေအိမ်ပေါ် လက်နက်ကြီးကျရောက်ပြီး အဘွားအို ၂‌ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါသေးတယ်။

ဓာတ်ပုံ-လက်ပံချောင်းလူမှုကွန်ရက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013