DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကျင်းပမည့်အချိန် အတိအကျမသိဟု ပြောခဲ့သည့် ဗိုလ်ချုပ်ဇော်မင်းထွန်း သတိပေးခံရ
DVB
·
March 28, 2023
ရွေးကောက်ပွဲကျင်းပမည့်အချိန် အတိအကျမသိဟု ပြောခဲ့သည့် ဗိုလ်ချုပ်ဇော်မင်းထွန်း သတိပေးခံရ
Donate to DVB

စစ်ကောင်စီကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲသစ် ဘယ်နေ့ကျင်းပမယ်ဆိုတာ အတိအကျ မသိရဘူးလို့ ပြောခဲ့တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို အာဏာသိမ်းစစ်ကောင်စီရဲ့ ထိပ်တန်း ခေါင်းဆာင်တဦးက ခေါ်ယူသတိပေးခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

နေပြည်တော်မှာ မနေ့ကကျင်းပတဲ့ ၇၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့) အခမ်းအနားမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းချက်ကို စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေဆိုခဲ့တဲ့အပေါ် ခေါ်ယူသတိပေးခံရတာ ဖြစ်ပါတယ်။

စစ်တပ်နဲ့နီးစပ်သူတဦးက “လူကြီးတွေက နေရာပေးထားလို့ နေရာတကာ ဇွတ်ပြောတာ။ အဲ့ဒါကြောင့် အခမ်းအနားပြီးတော့ သူ့ကို ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ခေါ်ပြီးသတိပေးတာ၊ နောက် အဲ့လိုမပြောဖို့၊ ဘာလုပ်မလဲတော့မသိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရွေးကောက်ပွဲကျင်းပမယ်ဆိုပါက ခြိမ်းခြောက်မှု၊ ဖိအားပေးမှုတွေ ကင်းစင်ဖို့ လိုအပ်ပြီး မဲဆွယ်စည်းရုံးတဲ့အခါမှာလည်း ခြိမ်းခြောက်မှု၊ ဖိအားပေးမှုတွေ မရှိဖို့ လိုတဲ့အတွက် စစ်ကောင်စီတပ်အနေနဲ့ ကြိုးစားနေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတွေကို ပြောပါတယ်။

“ရွေးကောက်ပွဲ ဘယ်အချိန်လုပ်မယ်ဆိုတာ အချိန်အတိအကျ ပြောဖို့ခက်တယ်၊ ပြည်တွင်းမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအရပေါ့။ လုံခြုံရေးအခြေအနေလည်း မပေးနိုင်ဘူး” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာပါ။

ဒီလိုပြောပြီးနောက် အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်တချို့က ဒေါသထွက်ခဲ့ပြီး အခမ်းအနား အပြီးမှာတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ခေါ်ယူသတိပေးခဲ့တာလို့ အခမ်းအနား တက်သူတဦးက ပြောပါတယ်။

“ဇော်မင်းထွန်းက မီဒီယာကိစ္စ အကုန်တာဝန်ယူထားတာ၊ ဒီလိုပြောလိုက်တဲ့အတွက် အခုဖြေရှင်းနေရတယ်၊ အဆင့်ဆင့်ကို ထုချေလွှာတင်ရတယ်။”

အာဏာသိမ်းသက်တမ်း ရှည်ကြာစေဖို့နဲ့ တရားဝင်မှုရဖို့အတွက် ရွေးကောက်ပွဲ ပြန်လည်ကျင်းပမယ်ဆိုတဲ့ နိုင်ငံရေးကတိကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အလွယ်တကူပေးခဲ့တာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုပယ်ဖျက်ပြီး  စစ်ကောင်စီက ရွေးကောက်ပွဲ သစ် ထပ်မံကျင်းပဖို့စီစဉ်နေတာဖြစ်တယ်။ အာဏာသိမ်းခါစက ရွေးကောက်ပွဲကို တနှစ်အတွင်းကျင်းပပေးဖို့ ပြောဆိုခဲ့ပြီး နောက်ပိုင်းမှာ ၂၀၂၃ ခုနှစ်မှာ ကျင်းမယ်လို့ ပြောင်းလဲ ပြောဆိုခဲ့ပြီး အခုတခါမှာတော့ ကျင်းပမယ့်နေ့ရက်ကို ပြေဆိုတာမရှိတော့ပါဘူး။

ရွေးကောက်ပွဲသစ်နဲ့  ပတ်သက်လို့လည်း   တည်ငြိမ်အေးချမ်းဖို့လိုတဲ့အကြောင်းနဲ့ ရွေးကောက်ပွဲကို ပြီးစလွယ်မလုပ်ဖို့ စစ်ခေါင်းဆောင်က မနေ့က နေပြည်တော် စစ်ရေးပြအခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်းပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “ရွေးကောက်ပွဲကို ဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ လွတ်လပ်ပြီး တရားမျှတစွာနဲ့ ပြည်သူများ ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံးစေရေး၊ အကြားအလပ်မရှိ မဲပေးစေရေးကို စောလျှင်စွာဆောင်ရွက် နိုင်ဖို့အတွက် အဓိက လိုအပ်ချက်ဟာ တည်ငြိမ်အေးချမ်းရေးပဲဖြစ်တယ်။ အထွေထွေ ရွေးကောက်ပွဲဟာ ပြည်သူများက သူတို့ရဲ့ အနာဂတ်မျှော်လင့်ချက်အတွက် မဲပေးရွေးချယ် တင်မြှောက်ခြင်းပဲဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲကို ပြီးစလွယ်လုပ်လို့ မရနိုင်ဘူး”လို့ပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းသက်တမ်း ၂ နှစ်ပြည့်ပြီးနောက် ဇန်နဝါရီ ၂၆ ရက်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေသစ်ကိုထုတ်ပြန်ပြီး နိုင်ငံရေးပါတီတွေကို  ဒီကနေ့ မတ်လ ၂၈ ရက် နောက်ဆုံးထားပြီး မှတ်ပုံပြန်တင်ခိုင်းထားပြီး မတင်တဲ့ပါတီ အလိုအလျောက် ပါတီဖျက်သိမ်း ခံရမယ်လို့ ဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းခဲ့ပါတယ်။

လတ်တလောမှာ နိုင်ငံရေးပါတီ ၉၃ ပါတီ ရှိတဲ့အနက် ပြန်လည်မှတ်ပုံတင်တဲ့ပါတီ ၅၂ ပါတီရှိပြီး ပြည်ထောင်စုတဝန်းလုံး စည်းရုံးမယ့်ပါတီ ၁၂ ပါတီနဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုအတွင်း စည်းရုံးမယ့်ပါတီ ၄၀ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013