DVB Logo
Home
မြန်မာသတင်း
အင်ဒိုနီးရှား အာချေးဒေသကို ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၁၈၀ ကျော်ထပ်မံရောက်လာ
DVB
·
March 28, 2023
အင်ဒိုနီးရှား အာချေးဒေသကို ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၁၈၀ ကျော်ထပ်မံရောက်လာ
Donate to DVB

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ ပင်လယ်ပြင်ကို စက်လှေတွေနဲ့ ဖြတ်ကူးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၈၀ ကျော်  အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသကို မတ်လ ၂၇ ရက် တနင်္လာနေ့မှာ ရောက်ရှိလာခဲ့ကြတယ်လို့  အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။ 

သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေနဲ့ မြန်မာနိုင်ငံက ဆိုးရွားတဲ့ အခြေအနေတွေကြောင့် ထွက်ပြေးလာခဲ့ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အာချေးဒေသ အရှေ့ပိုင်းကို ရောက်လာခဲ့တဲ့စက်လှေတွေပေါ်မှာ ရိုဟင်ဂျာ ၁၇၅ ဦးကို တွေ့ရှိခဲ့ရပြီး နောက်ထပ် ၁၃ ယောက်ကိုတော့ ရှာမတွေ့သေးဘူးလို့ ဒေသခံ ရဲအရာရှိ ယူစွတ် ဟာ့စ်ရီယာဒီ က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

“မနက် ၃ နာရီလောက်တည်းက သတင်းရလို့ အဲဒီကဒေသခံတွေရဲ့ အကူအညီနဲ့ပဲ ဒုက္ခသည် တော်တော်များများကိုကယ်ဆယ်ခဲ့ပြီးပါပြီ။ အနည်းဆုံး ၁၇၅ ယောက်လောက်တော့ရှိမယ်။ နောက်ထပ် ၁၃ ယောက်ကိုလဲ ရှာမတွေ့သေးဘူး။”

ဒုက္ခသည်တွေဟာ စုစုပေါင်းစက်လှေ ဘယ်နှစ်စီးနဲ့ ထွက်ခွာလာခဲ့ကြတယ်ဆိုတာကိုလည်း မသိနိုင်သေးဘူးလို့ ပြောပါတယ်။

“ဘာကြောင့်သူတို့က ကွဲထွက်နေတာလဲ ဆိုတာ မသိနိုင်သေးဘူး။ ကျနော်တို့နဲ့ မတွေ့အောင် ရှောင်ချင်တာလားဆိုတာလည်း မသိသေးဘူး။ စစ်တပ်ရဲ့ အကူအညီနဲ့ ကျနော်တို့ စုံစမ်းစစ်ဆေးနေပါတယ်။” လို့ ယူစွတ် ဟာ့စ်ရီယာဒီက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆိုအရ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ နောက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့ကို ဖြတ်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အနောက်ဘက်အကျဆုံးဖြစ်တဲ့ အာချေးဒေသကိုရောက်ရှိလာခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း  ၉၁၈ ဦးရှိတယ်လို့ သိရပါတယ်။

ဒါဟာ ၂၀၂၁ ခုနှစ် တစ်နှစ်လုံးမှာ ရောက်ရှိလာခဲ့တဲ့ ၁၈၀ ထက် အဆများစွာပိုတဲ့ ပမာဏဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ဖြိုခွင်းပြီး လူမျိုးတုံးရှင်းလင်းမှုစစ်ဆင်ရေး ကျူးလွန်ခဲ့တာကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူတွေ အပါအဝင် ရိုဟင်ဂျာ ၁ သန်း နီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြွတ်သိပ်ကြပ်ညပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ ဆင်းရဲစွာနေထိုင်နေကြရကြောင်း ရိုက်တာ သတင်းမှာဖော်ပြပြောပါတယ်။

Ref- Reuters

Photo- Antara Foto. Antara Foto/Hayaturrahmah/via REUTERS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013