DVB Logo
Home
မြန်မာသတင်း
စစ်တပ်အာဏာသိမ်းပြီးနောက် HIV ဝေဒနာရှင်များ ART ဆေးဝါး ရရှိရန် ခက်ခဲလာ
DVB
·
March 22, 2023
စစ်တပ်အာဏာသိမ်းပြီးနောက် HIV ဝေဒနာရှင်များ ART ဆေးဝါး ရရှိရန် ခက်ခဲလာ
Donate to DVB

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက HIV ဝေဒနာရှင်တွေဟာ ပုံမှန်သောက်သုံးနေကျ  ART ဆေးဝါးတွေရရှိဖို့ ခက်ခဲလာနေပြီး ဆေးရဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ HIV/AIDS အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

HIV ပိုးကူးစက်ခံထားရသူတွေ ART ဆေးတွေကို အရင်ကနီးစပ်ရာ ကျန်းမာရေးဌာနဆီကနေ အလွယ်တကူသွားရောက် ထုတ်ယူလို့ရခဲ့ပေမဲ့  စစ်တပ်အာဏာသိမ်းပြီးနောက် လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေကြောင့် နယ်မြို့တွေမှာနေထိုင်တဲ့ ဝေဒနာရှင်တွေဟာ ART  ဆေးဝါးသွားထုတ်ဖို့ မလွယ်ကူတော့သလို  ဆေးတွေမရရှိကြတော့ဘူးလို့ HIV ဝေဒနာရှင်တွေက ပြောပါတယ်။

မြို့တက်ပြီး ဆေးသွားထုတ်ဖို့  သွားရေးလာရေး အခက်အခဲ ရှိနေတဲ့အတွက်ကြောင့် ART ဆေးသောက်ပျက်ကွက်သူတွေလည်းရှိလာပြီး ဆေးသောက်ဖို့ ပျက်ကွက်ပါက နောက်ဆက်တွဲ ပြဿနာအနေနဲ့ AIDS ရောဂါလက္ခဏာတွေ ခံစားရနိုင်သလို ကိုယ်အလေးချိန်ကျတာ၊ ဝမ်းလျှောတာ၊ ဖျားတာ၊ အရေပြားမှာ အနာပေါက်တာ၊ အဆုတ်ရောင် နမိုနီးယားရောဂါတွေ ဝင်ရောက်နိုင်ပါတယ်လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတဦးက “ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက  သုံးဦး ဆက်သွယ်လာပါတယ်။ ထောက်ပံ့မပေးနိုင်ခဲ့ပါဘူး။ ကြာအင်းဆိပ်ကြီးပအဖ အဖွဲ့ဝင်တွေကိုယ်တိုင် တိုက်ပွဲမှာ ပါဝင်သူပါဝင်၊ စစ်ရှောင်သူရှောင်နေရလို့ပါ။ အခုတော့ တစ်ယောက်ပဲ ဆက်သွယ် အကူညီတောင်းလာပါတယ်”လို့ ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲ့တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ရှိနေတဲ့အတွက် ထောင်နဲ့ချီတဲ့ရွာသားတွေ စစ်ဘေးရှောင်နေကြရသလို  လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်တွေထဲမှာ ဆေးဝါးလိုအပ်ချက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေထဲမှလည်း ART ဆေးသောက်နေရသူ အရေအတွက် ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့  လက်ရှိမှာ စာရင်းပြုစုထားတာ မရှိသေးလို့ အတိအကျတော့ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပြပေါ်နေ လူငယ်တချို့ဟာ နေထိုင်မှုပုံစံတွေဟာ အပျော်ရှာတဲ့ ပုံစံတွေ ပြောင်းလဲသွားတာကြောင့် HIV  ပိုးကူးစက်ခံရနိုင်ခြေ ပိုမိုများလာတာတွေ့ရတယ်လို့ ဆေးဘက်ပညာရှင်တွေကပြောပါတယ်။ 

HIV အရေးကူညီပေးနေတဲ့အရပ်ဖက်အဖွဲ့စည်းဝင်တယောက်က “ငွေကြေးတတ်နိုင်တဲ့ လူငယ်တချို့ဟာ ပျော်ချင်ပါးချင်တဲ့အခါ အရက်သေစာ၊ မူးယစ်ဆေးအပြင် လိင်မှုကိစ္စတွေကို  Barတွေ၊ ကလပ်တွေမှာသွားပြီး ညလုံးပေါက်ပျော်ပါးကြတဲ့အခါ HIV ပိုးကူးစက်ခံရသူတွေ များလာနိုင်တယ်။  HIV ပိုးကိုထိန်းတဲ့  ART ဆေးကတော့ အရင်လိုမပေးနိုင်တော့လို့ အရင်က ပုံမှန်ဆေးစားပြီး ထိန်းနေရသူတွေတောင် ဆေးတွေပြတ်ပြီး ဒုက္ခဖြစ်နေတယ်”လို့ ပြောပါတယ်။

မိမိကိုယ်တိုင်လည်း ဆင်ခြင်နိုင်မှ လူမှုပတ်ဝန်းကျင်တခုလုံးအတွက် အထောက်အကူပြုမယ်လို့  ဆေးဘက်ဆိုင်ရာပညာရှင်တွေက အကြံပြုတိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အထိ HIV ပိုးကူးစက်ခံရသူပေါင်း ၂၇၀,၀၀၀ လောက်ရှိတယ်လို့ UNAIDS အဖွဲ့က ခန့်မှန်းထားပြီး ART ဆေးသောက်နေရသူပေါင်း ၁၉၀,၀၀၀ လောက် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013