
ရခိုင်ပြည်နယ်က ခရိုင် ၃ ခုအတွင်းမှာ ထုတ်လုပ်ရောင်းချနေတဲ့ မူးယစ်စေတတ်တဲ့ ယစ်မျိုးကုန် တွေကို သုံးစွဲဖို့ သင့်/မသင့်ကို FDA က စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တောင်ကုတ်၊ ကျောက်ဖြူနဲ့ သံတွဲခရိုင်တွေထဲမှာ ရောင်းချနေတဲ့ အရက်သေစာအပါအဝင် ယစ်မျိုးကုန်ရောင်းချနေတဲ့ လုပ်ငန်းပေါင်း ၂၅၅၆ ခုကို အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေး ဌာနခွဲ (FDA) က မြေပြင်ကွင်းဆင်းပြီး စစ်ဆေးခဲ့တယ်လို့ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေး ဌာနခွဲ (FDA) နဲ့နီးစပ်သူ တာဝန်ရှိ အမျိုးသားတယောက်က ပြောပါတယ်။
“ဒီတခါစစ်တာက ယစ်မျိုးကုန်ပါ။ ခရိုင် ၃ ခုက လုပ်ငန်းပေါင်း ၂,၅၀၀ ကျော်ကို မြေပြင် ကွင်းဆင်းစစ်ဆေးတယ်။ အဓိက တားမြစ်ထားတဲ့ အရက်တွေ၊ ကုန်ပစ္စည်းတွေပါလား။ FDA က ခွင့်ပြုထားတာရှိလား အဲ့ဒီလိုစစ်ဆေးခဲ့တာပါ။ ရောင်းချသူတွေကိုလည်း လုပ်သင့်လုပ်ထိုက်တာ၊ ဆောင်ရန်၊ ရှောင်ရန် အသိပေးခဲ့တယ်။ ဒါတွေက ကျနော်တို့ရဲ့တာဝန်ပါပဲ။ အစားအသောက်တခု ကြောင့် အန္တရာယ်မဖြစ်စေဖို့ ကျနော်တို့မှာ စစ်ဆေးရဖို့ တာဝန်ရှိတယ်လေ” လို့ ပြောပါတယ်။
အခုလို မြေပြင်ကွင်းဆင်းစစ်ဆေးတာဟာ ကောင်းတဲ့လုပ်ရပ်ဖြစ်ပြီး ဟင်းသီးဟင်းရွက်၊ အသားငါး တွေကိုလည်း ကွင်းဆင်းစစ်ဆေးသင့်တယ်လို့ မင်းပြားဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
“အသီးအရွက်၊ အသားတွေ ငါးတွေကိုလည်း စစ်ဆေးသင့်ပါတယ်။ ဆိုးဆေးတွေ တာရှည်ခံဆေး တွေပါရင် လူ့အသက်အန္တရာယ် ထိခိုက်နိုင်တယ်လေ။ ဒီလိုစစ်ဆေးတာက ကျမတို့ လက်ခံတယ်။ ရခိုင်မှာက အစားအသောက်ကို သိပ်ဂရုစိုက်လေ့မရှိဘူး။ ဈေးမှာရောင်းရင် စားရတာပဲ။ ပြီးရင် ရောဂါ တွေ တမျိုးပြီးတမျိုးဖြစ်ကြတယ်။”
ရခိုင်မှာ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနခွဲ (FDA) က အလှကုန်ပစ္စည်းတွေ၊ စားသောက်ကုန်တွေ၊ အရက်သေစာတွေကို ခရိုင်၊ မြို့နယ်အလိုက် ကွင်းဆင်းစစ်ဆေးလျက်ရှိကာ တားမြစ်ပစ္စည်းရောင်းချနေသူတွေကိုလည်း ပထမဆုံးအနေနဲ့ သတိပေးထားပြီး နောက်တကြိမ် ရောင်းချပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနခွဲ (FDA) တာဝန်ရှိသူတွေက ပြောပါတယ်။
FDA အနေနဲ့ အဆိုပါခရိုင် ၃ ခုအတွင်း စားသောက်ကုန်ထုတ်လုပ်၊ ဖြန့်ဖြူးနဲ့ ရောင်းချနေတဲ့ လုပ်ငန်းပေါင်း ၂,၅၅၆ ခုကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ ကွင်းဆင်းစစ်ဆေးခဲ့တာလို့ သိရပါတယ်။
တောင်ကုတ်ခရိုင်မှာတော့ စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်း ၄၉၀၊ ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်း ၆၃ ခုနဲ့ လက်လီရောင်းချတဲ့ လုပ်ငန်း ၅၈၁ ခု၊ စုစုပေါင်း လုပ်ငန်း ၁,၁၃၄ ခုကို ဇန်နဝါရီ ၁၉ ရက်ကနေ မတ် ၂၆ ရက်အထိ စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံတွဲခရိုင်မှာတော့ စုစုပေါင်း လုပ်ငန်း ၆၅၀ ခုကို ဇွန် ၁၂ ရက်ကနေ ၂၆ ရက်အထိ ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်မှာတော့ စုစုပေါင်း လုပ်ငန်း ၇၇၂ ခုကို ဇွန် ၁၅ ရက်ကနေ ဇူလိုင် ၁၃ ရက်အထိ ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် FDA က စားသောက်ကုန်ထုတ်လုပ်၊ ရောင်းချနဲ့ ဖြန့်ဖြူးနေတဲ့ လုပ်ငန်းရှင်တွေကို လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်အချက်တွေကိုလည်း အသိပညာပေးခဲ့တယ်လို့ သိရပါတယ်။











