DVB Logo
Home
မြန်မာသတင်း
ဖလမ်းနှင့် မတူပီမြို့နယ်တို့တွင် စစ်ကောင်စီစစ်ကြောင်းများ နေ့စဉ်ရက်ဆက် တိုက်ခိုက်ခံနေရ
DVB
·
March 22, 2023
ဖလမ်းနှင့် မတူပီမြို့နယ်တို့တွင် စစ်ကောင်စီစစ်ကြောင်းများ နေ့စဉ်ရက်ဆက် တိုက်ခိုက်ခံနေရ
1 / 4
Donate to DVB

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ မတ် ၁၂ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရရှိသူ များပြားကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က မတ် ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ကလေးမြို့နယ်ကနေ ချင်းပြည်နယ် ဖလမ်းမြို့နယ်ကို တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မတ် ၁၂ ရက်နေ့က ဗာလုံကျေးရွာအကျော်မှာ တိုက်မိုင်းနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ CNO ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီစစ်ကြောင်းကို မတ် ၁၄ ရက်နေ့မနက်ကလည်း ဇောင်လေးကျေးရွာအလွန်မှာ ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ယောက်လွင့်ထွက်သွားပြီး ၁၂ ဘီကား ၁ စီးလည်း သုံးမရအောင်ပျက်စီးသွားလို့ လမ်းမှာချန်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဇောင်လေးကျေးရွာနဲ့ ထင်ရှူးစခန်းကြားမှာလည်း မတ် ၁၄ ရက် ညနေ ၅ နာရီလောက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်လောက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၈ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

ပါရ်သဲကျေးရွာနားမှာလည်း မတ် ၁၇ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်လောက်က စစ်ကောင်စီစစ်ကြောင်းကို ချုံခိုတိုက်ခိုက်ခဲ့သလို ည ၇ နာရီလောက်မှာလည်း ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပါရ်သဲ ကျေးရွာအကျော်မှာ မတ် ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်လောက်ကနေ ညနေ ၄ နာရီခွဲအထိ ၃ ကြိမ်ဖြတ်တောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းကို ကြောင်ဟဲနဲ့ စီဇာမွာလ်ကျေးရွာကြားမှာလည်း မတ် ၁၉ ရက်နေ့က ပဒေသာရှေ့ထွက်မိုင်း ၇ လုံးအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပေမယ့် အတိကျမသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်းကနေ စစ်ကောင်စီစစ်ကြောင်းဆီက ကျည်ဆန် ၁၇၀ တောင့်၊ လက်ပစ်ဗုံး၊ နင်းမိုင်နဲ့ အီနာဂါဗုံးသီးတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ချင်းအမျိုးသားတပ်ဦး (CNA) နဲ့ CDF Hualngorm တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ကလေး-ဖလမ်းလမ်းမကြီးတလျှောက်က ကျေးရွာတွေကို ဝင်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူကာ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း စိတ်ကြိုက် သတ်ဖြတ်စားသောက်ခဲ့ကြတယ်လို့ ပြောပါတယ်။

ဖလမ်း-ဟားခါးလမ်းမကြီးမှာလည်း မတ် ၂၁ ရက်နေ့ကစပြီး တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အဲဒီလမ်းပိုင်းကို လုံးဝအသုံးမပြုကြဖို့ သတိပေး တားမြစ်ထားပါတယ်။

ချင်းပြည်နယ် မတူပီမြို့နယ်မှာလည်း မတ် ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ ရိက္ခာတွေလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၂ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မတူပီကနေ သိရပါတယ်။

မတူပီ-ပလက်ဝလမ်းပေါ်က ထယ်ဘွေးစခန်းကို စားနပ်ရိက္ခာလာဖြည့်တဲ့ စစ်ကောင်စီ ခလရ ၃၀၄ တပ်ရင်းက ကား ၃ စီးနဲ့ အင်အား ၈၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို မတူပီ-ပလက်ဝလမ်း ၆ မိုင်မှာ မတ် ၂၀ ရက် မနက် ၁၀ နာရီလောက် စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းချင်းက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် အဲဒီစစ်ကြောင်းကို မွန်းလွဲ ၁ နာရီလောက်က ၇ မိုင်နဲ့ ၈ မိုင်ကြားမှာ ၁ ကြိမ်တိုက်ခိုက်ခဲ့ ပြီး မတ် ၂၁ ရက် မနက် ၉ နာရီခွဲလောက်ကလည်း ၉ မိုင်နဲ့ တွီရှစ်ရွာအဝင်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ၁၂ ယောက် သေဆုံးခဲ့ကာ CDF-မတူပီက ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆလိုင်းချင်းက ပြောပါတယ်။

မတူပီ-ဟားခါးလမ်းပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ဗျူဟာတပ်စခန်းက လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်တာကြောင့် မတူပီ-ပလက်ဝ လမ်းပေါ်က ဝလီပီကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

မတူပီမြို့နယ်မှာ မတ် ၁၄ ရက်နေ့ ညနေပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး ၁၀ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မတူပီကနေ သိရပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013