Home
မြန်မာသတင်း
နိုင်ငံတဝန်း စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်သူလူထုနေအိမ်အလုံး ၆ သောင်း ကျော်ထိ ရှိလာ
DVB
·
March 20, 2023
336893623_527177332913169_6925428596368051404_n

စစ်တပ်အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ လက်ပါးစေ အဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်အလုံးပေါင်း ၆ သောင်းကျော်ထိ ရှိလာခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးနီးပါးမှာ ဖြစ်ပွားခဲ့ပြီး မြေပုံ၊ ဂရပ်တွေနဲ့တကွ ယှဉ်တွဲဖော်ပြထားကာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ တိုက်ပွဲသတင်းတွေနဲ့ နေအိမ်မီးရှို့ခံရတဲ့ သတင်းတွေကို ရက်အလိုက်၊ ဖြစ်စဉ်အလိုက် ပြန်စီပြီးတော့ ရေတွက်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်အထိ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့အတွက် လူနေအိမ်ခြေ ပျက်စီးဆုံးရှုံးမှု အစဉ်လိုက်စာရင်းမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးက ၄၇,၇၇၈ လုံးနဲ့ ရာခိုင်နှုန်း ၈၀ နီးပါးနဲ့ အ များဆုံးဖြစ်ပြီး သူ့နောက်မှာ မကွေးတိုင်းက ၉,၀၁၉ လုံး၊ ချင်းပြည်နယ်က ၁,၄၈၅ လုံး၊ ကျန်ပြည်နယ်နဲ့ တိုင်းတွေက ၂,၁၇၇ လုံးစီနဲ့ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

လအလိုက်မှာတော့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း လူနေအိမ်ပေါင်း ၅,၁၅၂ လုံးကို ဖျက်ဆီးခဲ့ကြပြီး ဇန်နဝါရီလတုန်းကတော့ ၆,၁၀၅ လုံးရှိခဲ့ကာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ လူနေအိမ်ပေါင်း ၁၀,၄၇၉ လုံးကို မီးရှို့ဖျက်ဆီးမှု အများဆုံး ကျူးလွန်ခဲ့ကြတာကို တွေ့ရပါတယ်။

Data for Myanmar အဖွဲ့အနေနဲ့ သတင်းဌာနတခုချင်းစီက မတူညီတဲ့ အရေအတွက်တွေကို cross-check လုပ်ပြီး စိစစ်ထားသလို ဒေသခံ လူအခွင့်အရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေက ထုတ်ပြန်တဲ့ စာရင်းတွေကို အခြေခံထားပြီး မပြည့်စုံတဲ့ အချက်အလက်တွေ ချန်ထားခဲ့ရတာမို့ မြေပြင်အရေအတွက်က ပိုများနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအနှံ့ မြို့ရွာတွေမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလ ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ကျဆုံး ပြည်သူ ၃,၁၅၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၀,၇၀၀ ကျော်ထိ ရှိလာခဲ့ပြီလို့ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024