DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာဒုက္ခသည်များအတွက် ယူကေနိုင်ငံက အကူအညီ ရာခိုင်နှုန်း ၈၀ ကျော် ဖြတ်တောက်
DVB
·
March 20, 2023
ရိုဟင်ဂျာဒုက္ခသည်များအတွက် ယူကေနိုင်ငံက အကူအညီ ရာခိုင်နှုန်း ၈၀ ကျော် ဖြတ်တောက်
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ယူကေအစိုးရက ထောက်ပံ့ကူညီရေး ရန်ပုံငွေ ၈၂ ရာခိုင်နှုန်း ဖြတ်တောက်လိုက်တယ်လို့ ယူကေအခြေစိုက် ဘားမားကမ်ပိန်းအဖွဲ့က ပြောပါတယ်။

ယူကေအစိုးရက အဆိုပါ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် ရန်ပုံငွေပေါင် ၁၁၂ ဒသမ ၃၆ သန်း ထောက်ပံ့ကူညီခဲ့ရာကနေ ၂၀၂၂-၂၀၂၃ ခုနှစ်မှာတော့ ပေါင် ၂၀ ဒသမ ၂၆ သန်းထိ လျှော့ချခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP ကလည်း သူတို့အနေနဲ့ ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေအားလုံးအတွက် စားနပ်ရိက္ခာ ၁၇ ရာခိုင်နှုန်းအထိ ဖြတ်တောက်သွားမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ထုတ်ပြန်ကြေညာထားခဲ့တာပါ။

ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ကတော့ ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာမိသားစုအားလုံးရဲ့ ၄၅ ရာခိုင်နှုန်းဟာ အစားအသောက် မလုံလောက်ဘဲ နေထိုင်နေကြရပြီး ရိုဟင်ဂျာ ကလေးသူငယ် ၅၁ ရာခိုင်နှုန်းနဲ့ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ၄၁ ရာခိုင်နှုန်းကတော့ သွေးအားနည်းရောဂါတွေ ခံစားနေကြရကာ ကလေးသူငယ်တွေထဲက ၄၀ ရာခိုင်နှုန်းကတော့ အာဟာရ ချို့တဲ့မှုကြောင့် ကြီးထွားမှု နှောင့်နှေးတာတွေကို ခံစားနေကြရတယ်လို့ ပြောပါတယ်။

ဘားမားကမ်ပိန်းအဖွဲ့ကတော့ ယူကေနိုင်ငံ နိုင်ငံခြားရေး အတွင်းဝန် ဂျိမ်းစ် ကလဲဗားလီကို ခုလိုဖြတ်တောက်မှုတွေကို ပြန်လည်ပြီးတော့ သုံးသပ်ပေးဖို့နဲ့ ရိုဟင်ဂျာကလေးသူငယ်တွေအတွက် အသက်ကယ် အကူအညီတွေ ဆက်လက်ပေးအပ်ဖို့ တောင်းဆိုထားပါတယ်။

ကမ်ပိန်းအဖွဲ့မှ အရာရှိ ကယ်ရင် ဗောလ်တာဆန်ကတော့ “အကူအညီတွေအပေါ် လုံးဝဥဿုံ မှီခိုနေရတဲ့ ကလေးသူငယ် ထောင်ပေါင်းများစွာကို အခုလိုမျိုး ပြင်းပြင်းထန်ထန် ထောက်ပံ့မှု ဖြတ်တောက်တာဟာ တရားမျှတမှု မရှိပါဘူး။ ကလေးငယ်တွေ အာဟာရချို့တဲ့မှုကြောင့် ပုညှက်သွားပြီဆိုရင် နောက်ပြန်လှည့်လို့ မရတော့တဲ့ ကျန်းမာရေးပြဿနာတွေကို တသက်လုံး ခံစားနေရပါလိမ့်မယ်။ ဂျိမ်းစ် ကလဲဗားလီအနေနဲ့ မြန်မာစစ်တပ်ရဲ့ ၀င်ငွေရလမ်းတွေ ဖြတ်တောက်ဖို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရာမှာ မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့ပေမယ့် အခု မြန်မာစစ်တပ်ရဲ့ ကျူးလွန်ခံနေရသူတွေအတွက် အသက်ကယ် အကူအညီတွေကိုလည်း ဖြတ်တောက်နေတာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ထဲက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းနီးပါးရှိနေပြီး အဲဒီထဲက အများစုကတော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေ ကတည်းက စတင်ကာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရသူတွေဖြစ်ပြီးတော့ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံစလုံးမှာ ရိုဟင်ဂျာတွေအတွက် စိုးရိမ်စရာ အခြေအနေတွေ ပိုများလာတာကြောင့် ထောင်နဲ့ချီတဲ့ လှေတွေနဲ့ ပြီးခဲ့တဲ့နှစ်က ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပါတယ်။

အဲဒီထဲက အနည်းဆုံး ၃၄၈ ယောက်ကတော့ သေဆုံးသွားတာ၊ ဒါမှမဟုတ် ပင်လယ်ပြင်ထဲမှာ ပျောက်ဆုံးသွားခဲ့ ကြတာမို့ သူတို့အတွက် နောက်ထပ် အကူအညီတွေ ဖြတ်တောက်လိုက်ခြင်းက ရိုဟင်ဂျာတွေကို ဒီအန္တရာယ်ရှိတဲ့ ခရီးတွေဆီ တွန်းပို့သလို ဖြစ်နေတယ်လို့လည်း ဘားမားကမ်ပိန်းအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၅ ရက်တုန်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘာလုခါလီ ဒုက္ခသည်စခန်းမီးလောင်မှုမှာ အိမ်ခြေ ၂၀၀၀ ကျော် မီးထဲပါသွားခဲ့ပြီး သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာ မီးဘေးဒုက္ခသည်တွေအတွက် လတ်တလောမှာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂကတော့ ပြီးခဲ့တဲ့နှစ်မှာ အကူအညီပေးရေးကတိတွေ ရုတ်ခြည်း သိသိသာသာကျဆင်းခဲ့တာကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေကို လူသားချင်းစာနာမှုလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ အမေရိကန် ဒေါ်လာ ၈၇၆ သန်း (ပေါင် ၇၃၃ ဒသမ ၉၂ သန်း) လိုအပ်ချက် ရှိနေတယ်လို့ ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ခံစားခဲ့ကြရတဲ့ ရိုဟင်ဂျာအိမ်ထောင်စုတွေအတွက် အနက်ရှိုင်းဆုံး စာနာမှု စည်းလုံးညီညွတ်မှုတို့ကို ဖော်ပြအပ်ကြောင်း၊ UNHCR၊ နိုင်ငံတကာမိတ်ဖက်တွေ၊ ဒေသခံရိုဟင်ဂျာအဖွဲ့အစည်းတွေနဲ့အတူ ထိခိုက်ခံစားခဲ့ရတဲ့ အိမ်ထောင်စုများအတွက် ကူညီပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013