DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး Blue Shirt ကမ်ပိန်းတွင် ပါဝင်ရန်နှိုးဆော်
DVB
·
April 18, 2022
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး Blue Shirt ကမ်ပိန်းတွင် ပါဝင်ရန်နှိုးဆော်
Donate to DVB

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဥပဒေမဲ့ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အသိပညာပေးလှုံ့ဆော်တဲ့အနေနဲ့ Blue Shirt  ရှပ်အင်္ကျီအပြာရောင်၊ ဒါမှမဟုတ် အပြာရောင်အဝတ်အစားတွေ ဝတ်ဆင်ပြီး လှုပ်ရှားမှုကမ်ပိမ်းမှာ အားလုံးပါဝင်ကြဖို့ ယူကေအခြေစိုက် ဘားမားကမ်ပိန်းအဖွဲ့က နှိုးဆော်ထားပါတယ်။

ဒီလှုပ်ရှားမှုကိုတော့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်တဲ့ ၈ နှစ်ပြည့် လာမယ့် ဧပြီ ၂၁ ရက်မှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ပါဝင်နိုင်မှာဖြစ်ပြီး ဘားမားကမ်ပိန်း အပါအဝင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကလည်း ပါဝင်ကြမှာ ဖြစ်ပါတယ်။

သတင်းစာဆရာ၊ နိုင်ငံရေးသမားကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ စစ်အာဏာရှင်စနစ်ကို အလံမလှဲ ဆန့်ကျင်တွန်းလှန်ခဲ့သူ တယောက်ဖြစ်ပြီး ယုံကြည်ချက်အတွက် အကျဉ်းထောင်ထဲမှာ နှစ်ပေါင်း ၂၀ နီးပါး ကျခံခဲ့ရပြီး အသက် ၈၄ နှစ်အရွယ်မှာ အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

သူဟာ လွတ်မြောက်လာပြီးကတည်းက နိုင်ငံရေး အကျဉ်းသားတွေ မလွတ်မချင်း အကျဉ်းထောင်ဝတ်စုံ ဖြစ်တဲ့ အပြာရောင် ဝတ်စုံကို တောက်လျှောက်ဝတ်ဆင်ခဲ့သူဖြစ်တာမို့ ကွယ်လွန်တဲ့နေ့ရောက်တိုင်း အပြာရောင်ဝတ်စုံတွေ ဝတ်ဆင်ပြီး နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးအတွက် တောင်းဆိုမှုတွေနဲ့ လူထု လှုပ်ရှားမှုတွေ နှစ်စဉ်လုပ်ဆောင်လာခဲ့ကြတာ ဖြစ်ပါတယ်။

ဘားမားကမ်ပိန်းရဲ့ ပြောရေးဆိုခွင့်ရှိသူ မဝေနှင်းပွင့်သုန်က “မြန်မာမှာ နိုင်ငံရေး အကျဉ်းသားတွေဟာ ကြောက်စရာကောင်းလောက်အောင် ညှဉ်းပန်းနှိပ်စက်မှုတွေ၊ နှောင့်ယှက်ခြိမ်းခြောက်မှုတွေ ကြုံနေရပေမဲ့ နိုင်ငံတကာ အသိုက်အဝိုင်းကတော့ သူတို့ရဲ့ ဒီကိစ္စတွေကို အရေးတယူ ပြောဆိုတာမျိုးတွေ မရှိပါဘူး။ ဒီတက်ကြွလှုပ်ရှားသူတွေက စစ်တပ်က အာဏာသိမ်းတာကို ရဲရဲရင့်ရင့် ဆန့်ကျင်ခဲ့ကြပေမဲ့ ကမ္ဘာကြီးတော့ သူတို့ကို မေ့သွားခဲ့ပုံရတယ်။ နိုင်ငံတကာ အသိုက်အဝန်းက မြန်မာနိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုရမှာပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

လတ်တလောကာလ မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလကတည်းက အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေတဲ့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီး၊ သတ်ဖြတ်နှိမ်နင်းမှုတွေ နေ့စဉ် တိုးပွားလာနေပြီး လူပေါင်း ၁၃,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ၉,၉၀၀ ကျော်ကတော့ အကျဉ်းထောင်တွေထဲမှာ ခုချိန်ထိ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက အကျဉ်းထောင်တွေထဲက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ အကျဉ်းသား ၁,၆၀၀ ကျော်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ တဦးမှ ပါဝင်လာခြင်း မရှိခဲ့ပါဘူး။

ခုလာမယ့် ဧပြီ ၂၁ ရက် အပြာရောင်လှုပ်ရှားမှုမှာတော့ အပြာရောင် ရှပ်၊ ဒါမှမဟုတ် အပြာရောင်ဝတ်စုံတွေနဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ မျှဝေကြပြီး တိုးပွားလာတဲ့ နိုင်ငံရေးအကျဉ်းသား တွေကို အမြန်ဆုံးပြန်လွှတ်ပေးရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအနေနဲ့ #blueshirt4burma ဟက်ရှ်တက်ဂ်တွေ ရေးသားပြီးတော့ ပါဝင်နိုင်ဖို့ နှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013