DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာများနေရပ်ပြန်ရန် မဖြစ်နိုင်သေးဟု ယူကေအမြဲတမ်းကိုယ်စားလှယ်ပြော
DVB
·
March 18, 2023
ရိုဟင်ဂျာများနေရပ်ပြန်ရန် မဖြစ်နိုင်သေးဟု ယူကေအမြဲတမ်းကိုယ်စားလှယ်ပြော
Donate to DVB

ပိုမိုဆိုးရွားလာနေတဲ့ မြန်မာနိုင်ငံက အခြေအနေတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် ကော့ဇ်ဘဇားရှိ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးလို့ ကုလသမဂ္ဂရဲ့  ယူကေနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဖားဂက်စ်အက္ကာစလေက ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ ၇၇ ကြိမ်မြောက် အထွေထွေညီလာခံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာ့အရေးဆွေးနွေးတဲ့ အစီအစဉ်မှာ ယူကေမှနိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုကိုယ်စားလှယ် ဖားဂက်စ်အက္ကာစလေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ရိုဟင်ဂျာတွေဟာ သူတို့နေရပ်မှာတင် ပိတ်မိနေပြီး ရခိုင်ပြည်နယ်ထဲမှာ အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာတွေ သိန်းနဲ့ချီရှိနေပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ စနစ်တကျဖိနှိပ်ပြီး လူ့အခွင့်အရေးချိုး ဖောက်ခံရနေတာတွေ အဆုံးသတ်သင့်ပါပြီ။ အခြေအနေတွေ ပိုမိုဆိုးရွားလျက်ရှိနေတာကြောင့် ပြည်ပကရိုဟင်ဂျာတွေဟာလည်း မြန်မာနိုင်ငံကို ဘေးကင်းစွာနဲ့ အေးအေးချမ်းချမ်းပြန်နိုင်ဦးမှာ မဟုတ်ပါဘူး။”လို့ ယူကေကိုယ်စားလှယ် ဖားဂက်စ်အက္ကာစလေက ပြောပါတယ်။

နေရပ်ပြန်ဖို့အတွက် နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးဖို့ အပါအဝင် အချက် ၃ ချက်ကို ရိုဟင်ဂျာဒုက္ခသည်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ထံ တောင်းဆိုခဲ့ကြကြောင်း ဒုက္ခသည်ခေါင်းဆောင်တွေက ပြောပါတယ်။

စစ်ကောင်စီဝန်ကြီး ဦးကိုကိုလှိုင် ခေါင်းဆောင်တဲ့အဖွဲ့ဟာ မတ်လ ၁၅ ရက်က  မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံပြီး လူ ၁၀၀၀ ကျော်လောက်ကို  နေရပ်ပြန်ခေါ်ဖို့ စီစဉ်နေတာပါ။  

ဒုက္ခသည်တွေကတော့ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားထုတ်ပေးဖို့၊ မူလနေရာမှာပြန်ပြီး နေရာချပေးဖို့နဲ့ တခြားတိုင်းရင်းသား ၁၃၅ မျိုးလို တရားမျှတမှုနဲ့ အသွားအလာ လွတ်လပ်ခွင့်ပေးဖို့ အချက် ၃ ချက်တောင်းဆိုထားပြီး ဒီအချက်တွေရမှ နေရပ်ပြန်မယ်လို့ စစ်ကောင်စီဘက်ကို တောင်းဆိုခဲ့ကြောင်း ရိုဟင်ဂျာဒုက္ခသည်တယောက်က ဒီဗွီဘီကို ပြောပါတယ်။

ကောဇ့်ဘဇားခရိုင်၊ အိုခီးယားမြို့ရှိ ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မတ် ၅ ရက်က မီးလောင်ပြီး မိသားစုဝင် ၃၀၀၀ ကျော်၊ လူဦးရေသောင်းနဲ့ချီ မီးဘေးဒုက္ခခံစားနေရတာဖြစ်ပြီး  ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ကလည်း ထောက်ပံ့ပေးနေတဲ့ စားနပ်ရိက္ခာအကူအညီတွေ လျှော့ချမယ်လို့ကြေညာထားတာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ရိုဟင်ဂျာတွေကို လုံလောက်စွာထောက်ပံ့နိုင်ရေးအတွက်လျာထားတဲ့ အမေရိကန်ဒေါ်လာ ၈၇၆ သန်းပြည့်အောင် အဖွဲ့ဝင်နိုင်ငံတွေက ဝိုင်းဝန်ကူညီကြဖို့ကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာကလည်း ကုလသမဂ္ဂညီလာခံမှာ တိုက်တွန်းခဲ့ပါတယ်။

သိန်းပေါင်းများစွာသော ရိုဟင်ဂျာတွေရဲ့ အသက်ကိုကယ်ဆယ်ပေးထားတဲ့ ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်အပြင်တခြားနိုင်ငံတွေကိုလည်းကျေးဇူးတင်တဲ့အကြောင်း မြန်မာနိုင်ငံသားတွေ လိုလားနေတဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရက်တစ်မြန်မာ့အနာဂတ်အကြောင်းဆွေးနွေးကြတဲ့နေရာမှာ ရိုဟင်ဂျာတွေအတွက်လည်း အဓိပ္ပါယ်ရှိရှိထည့်သွင်းစဉ်းစားပေးသင့်ပါတယ်လို့ ယူကေကိုယ်စားလှယ်က ကုလသမဂ္ဂမှာ ပြောသွားပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ ၃၁၀၀ ကျော်ရှိပြီး ဖမ်ဆီးခံရသူ ၂၀၀၀၀ ကျော်ခဲ့ပြီဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံသား ၁၇ သန်းကျော်ဟာ  လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ပြည်သူတွေကြား အကြောက်တရားရိုက်သွင်းဖို့အတွက် ပိုပိုပြီး ရက်စက် ကြမ်းကြုတ်တဲ့ ဗျူဟာတွေကို သုံးကာ အတိုက်အခံမှန်သမျှကို ဖိနှပ်ဖြိုခွင်းနေတယ်၊ လေကြောင်းကနေ မဲမဲမြင်ရာ ပစ်ခတ်ဗုံးကြဲတာတွေကိုလည်း အရှိန်မြှင့်ပြီးကျူးလွန်နေတယ်၊ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေထဲမှာ လင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားတာတွေ၊ ရွာတွေကို မီးရှို့တာတွေနဲ့ နောက်ဆုံးရခဲ့တဲ့ သတင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်းမှာ သံဃာ ၃ ပါးအပါအဝင် အရပ်သား ၂၈ ဦးကိုသတ်ဖြတ်ပြီး ဘုန်းတော်ကြီးကျောင်းကို ဖျက်ဆီးခဲ့တာကို ရှုတ်ချကြောင်း ယူကေကိုယ်စားလှယ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်စေရေးအတွက် ကုလသမဂ္ဂအထူးသံတမန်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ အာဆီယံဦးဆောင်ပြီး ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးကို အားပေးထောက်ခံကြောင်း၊ မြန်မာစစ်တပ်ဟာ သူတို့ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွက် ပြစ်ဒဏ်တွေခံစားရသင့်ကြောင်းလည်း ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွားကျူးလွန်ခဲ့တဲ့ မြန်မာနိုင်ငံက လူ ၁၈ ဦးနဲ့ အဖွဲ့အစည်း ၂၈ ခုတို့ကို ယူကေနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့သလို တခြားနိုင်ငံတွေကလည်း အလားတူ ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဆောင်ဖို့နဲ့  ဘယ်နိုင်ငံကမှလည်း မြန်မာနိုင်ငံကို လက်နက်ရောင်းချခြင်းမပြုဖို့လည်း ယူကေသံအမတ်ကြီးက တောင်းဆိုသွားပါတယ်။

Photo-UK Government

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013