DVB Logo
Home
မြန်မာသတင်း
သံလွင်အရှေ့ခြမ်းရှိ ခလရ ၁၃၅ ရှေ့တန်းစခန်းကို ကရင်နီ ကွန်မန်ဒိုတပ်ဖွဲ့ သိမ်းပိုက်
DVB
·
March 17, 2023
သံလွင်အရှေ့ခြမ်းရှိ ခလရ ၁၃၅ ရှေ့တန်းစခန်းကို ကရင်နီ ကွန်မန်ဒိုတပ်ဖွဲ့ သိမ်းပိုက်
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်၊ သံလွင်အရှေ့ခြမ်းရှိ  စစ်ကောင်စီစစ်တပ် ခလရ ၁၃၅ ရှေ့တန်းစခန်းကို ကရင်နီ ကွန်မန်ဒိုတပ်ဖွဲ့က မတ် ၁၆ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကရင်ကွန်မန်ဒိုတပ်ဖွဲ့က အဆိုပါ စခန်းကို မတ် ၁၆ ရက်နေ့ ညနေ ၅ နာရီကနေ ၆ နာရီအထိ တနာရီကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အလောင်း ၃ လောင်း၊ လက်နက်ခဲယမ်းတွေနဲ့ ဆက်သွယ်ရေးစက်ကြီးတလုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အဆိုပါစခန်းမှ စစ်ကောင်စီတပ်သားတချို့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အလားတူ လွိုင်ကော်မြို့နယ် မြောက်ဘက်ခြမ်းနဲ့  ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းဒေသတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းခွဲ ဖြန့်ကျက်ပြီး   နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်နေပါတယ်။

အမှတ် ၆၆ တပ်မ တံဆိပ်ပါ စစ်ကောင်စီစစ် ကြောင်းဟာ မတ် ၁၂ ရက် ည ၇ နာရီ ၅၅ မိနစ်လောက်မှာ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အရှေ့ခြမ်း ရွှေစမ်းရွာ တာဝါတိုင်ကုန်းကို  ရောက်ရှိလာပြီး KNDF၊ PDF ပူးပေါင်းတပ်နဲ့ ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၂ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဘက်ကလည်း ၃ ဦး ထိခိုက်ခဲ့ပြီး တိုက်ပွဲအပြီးမှာ  စစ်ကောင်စီတပ်ဘက်က  ဂျက်လေယာဉ်နဲ့ ပစ်ခတ်သွားခဲ့တယ်လို့ ဆိုပါတယ်။  

အလားတူ စစ်ကောင်စီတပ်က ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် ခေါင်အိကေးရွာအုပ်စုဘက်ကို မတ် ၈ ရက်ကနေ ၁၆ ရက်အထိ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဖယ်ခုံ PDF အပါအဝင် ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖယ်ခုံ PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၅ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း‌တချို့ကိုလည်း  သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖယ်ခုံ PDF ဘက်ကတော့ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013