DVB Logo
Home
မြန်မာသတင်း
တက္ကစီများတွင် စမတ်မီတာတပ်ဆင်မည့်အပေါ် ခရီးသည်နှင့်ယာဉ်မောင်းများ ဝေဖန်
DVB
·
March 16, 2023
တက္ကစီများတွင် စမတ်မီတာတပ်ဆင်မည့်အပေါ် ခရီးသည်နှင့်ယာဉ်မောင်းများ ဝေဖန်
Donate to DVB

ရန်ကုန်မြို့က တက္ကစီတွေမှာ စမတ်မီတာတပ်ဆင်ဖို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ မတ် ၉ ရက်က YRTC ရုံးမှာပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ YRTC တွဲဖက် အတွင်းရေးမှူး ဦးလန်ကျင့်မန်က ရန်ကုန်မြို့ရဲ့ ယာဉ်အစီးရေ ၅၀၀ လောက်ကို စမတ်မီတာ တပ်ဆင်သွားမယ့်အကြောင်း မီဒီယာတွေကို ပြောခဲ့တာပါ။ 

ဒီစနစ်ဟာ ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ခရီးသည်နဲ့ ယာဉ်မောင်းတွေကြား အဆင်မပြေနိုင်ဘူးလို့ ရန်ကုန်မြို့ အငှားယာဉ်မောင်းတွေက ပြောဆိုကြပါတယ်။

“မီတာစဖွင့်ပြီဆိုတာနဲ့ မီတာ ဘယ်လောက်ကောက်မလဲ မသိဘူးလေ။ သူက မီတာ စတက်မယ်ဆို အနည်းဆုံး ၁,၅၀၀၊ ၂,၀၀၀ နဲ့တင်မှာ။ မကောင်းဘူး မဟုတ်ဘူး၊ ကောင်းတော့ ကောင်းတယ်။ ဒါပေမဲ့ ဘယ်လိုအခက်အခဲဖြစ်မလဲဆိုတာ သိပ်ပြီးတော့ တွေးလို့မရသေးဘူး။ လောလောဆယ် လေယာဉ်ကွင်းက တက္ကစီတွေနဲ့ ဂတ်စ်သမားတွေ ဦးစားပေးမယ်။ လမ်းကျပ်မယ်ဆိုတော့ မီတာတက်သွားမယ်လေ။ အားသာချက်၊ အားနည်းချက်ကတော့ သူ့ဟာနဲ့သူရှိမယ်။ ဆီကားတွေကျတော့ လမ်းကျပ်ရင်တော့ အဆင်ပြေမှာမဟုတ်ဘူး။ လမ်းကျပ်ရင် စကားပြောရမယ်။ မနက်ပိုင်း ရုံးသွားချိန် ရုံးဆင်းချိန်တွေပေါ့။ တရားဝင် မီတာတပ်မယ်ဆို သူတို့ ကြေညာပေးရမှာ။ ကြေညာပေးမှ ကာစတမ်မာကလည်း စီးမှာလေ။ သူက စောင့်ရလေ မီတာကတက်လေ။ ပြောမယ်ဆို ကာစတမ်မာနဲ့ စကားပြောရမှာ” လို့ လှိုင်မြို့နယ်မှ အငှားယာဉ်မောင်းတဦးက ပြောပါတယ်။

စမတ်မီတာ တပ်ဆင်ပြီးတဲ့အခါ ယာဉ်စီးခကို CNG စျေးနှုန်းနဲ့ တွက်ချက်မှာမဟုတ်ဘဲ စက်သုံးဆီစျေးနှုန်းအပေါ် မူတည်ပြီး ယာဉ်စီးခကို သတ်မှတ်သွားမယ်လို့ YRTC တာဝန်ရှိသူတွေက ပြောပါတယ်။

YRTC အနေနဲ့ စမတ်မီတာ တပ်ဆင်တာဟာ သင့်တင့်မျှတတဲ့စျေးနှုန်းနဲ့ လုံခြုံမှုရှိရှိ ပြေးဆွဲနိုင်ဖို့ ရည်ရွယ်ထားတယ်ဆိုပေမဲ့ လက်တွေ့မှာတော့ စက်သုံးဆီအသုံးပြုပြီး မောင်းနေရတဲ့ တက္ကစီတွေအတွက် ဝင်ငွေမကိုက်ဘူးလို့ အငှားယာဉ်မောင်းတဦးက ပြောပါတယ်။

“လက်ရှိအနေအထားနဲ့ ဖောက်သည်ရှိတဲ့သူပဲ ကိုက်တာ။ လမ်းပေါ်သွားတဲ့သူဆို မကိုက်ဘူး။ ဆီစျေးသည် အနည်းဆုံး ၂၀,၀၀၀ ဖိုးထည့်မှ ၁၀ လီတာ။ ၁၀ လီတာက တနေကုန် မပတ်နိုင်ဘူး။ ဂက်စ်ကားလောက် အဆင်မပြေဘူး။ ဂက်စ်ကားသမားတွေက ကိုက်တာ။ ဆီကားသမားတွေက တိုင်ပတ်တယ်။ အုံနာကြေးနဲ့ မောင်းတယ်ဆို အနိမ့်ဆုံး ၃၀,၀၀၀ ဝင်မှ ကျန်တဲ့ပိုက်ဆံ ကိုယ်စားရတာ။ မီတာစနစ်ပြောင်းရင် လောလောဆယ်က အဆင်မပြေနိုင်ဘူး” လို့ မင်္ဂလာဒုံမြို့နယ်မှ အငှားယာဉ်မောင်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်မြို့က ခရီးသွားပြည်သူတဦးကတော့ အခုလိုမျိုး စမတ်မီတာစနစ် သုံးမယ်ဆိုရင် နိုင်ငံရဲ့ ယာဉ်ကြောစနစ်၊ ခရီးသွားပြည်သူတွေရဲ့ အခက်အခဲတွေကို ထည့်သွင်း စဉ်းစားသင့်တယ်လို့ အကြံပြုပါတယ်။

“ကားလမ်းတွေမပိတ်ဘူး၊ ယာဉ်ကြောက အမြန်လမ်းတွေ သပ်သပ်ရှိမယ်ဆိုရင်တော့ တက္ကစီမီတာက ကောင်းမယ့်အနေအထား၊ ဒါကြောင့် တခြားနိုင်ငံတွေမှာ ကျင့်သုံးကြတယ်။ အောင်မြင်ကြတယ်။ ဒါပေမဲ့ ကျမတို့နိုင်ငံရဲ့ ယာဉ်ကြောစနစ်၊ လူတွေရဲ့ စနစ်၊ ခရီးသည်တွေရဲ့ စနစ်တွေ ဒါတွေနဲ့ကျ ကိုယ့်နိုင်ငံနဲ့ လိုက်လျောညီထွေမှု မရှိဘူး။ ဒီလိုမျိုး လုပ်ချင်တယ်ဆို ကျမတို့ စဉ်းစားရမှာက အမြန်လမ်းကြောင်း သီးသန့်ရှိသလား၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်အောင် ဘယ်လိုထိန်းရမလဲ၊ ဒါမျိုးတွေ ထည့်သွင်းစဉ်းစားမှုမရှိဘဲ အကောင်အထည် ဖော်တာတော့ ကျမ အဆင်မပြေဘူးလို့ မြင်တယ်။”

ရန်ကုန်တိုင်းဒေသကြီးမှာ မှတ်ပုံတင်ထားတဲ့ တက္ကစီယာဉ်အစီးရေ ၆၅,၀၀၀ ဝန်းကျင် ရှိပါတယ်။ မီတာစနစ်နဲ့ ယာဉ်စီးခကောက်ခံတဲ့စနစ်ကို အရင် စစ်အစိုးရလက်ထက် ၂၀၀၈ ခုနှစ်မှာ တကြိမ်၊ ၂၀၁၃ ခုနှစ်မှာ တကြိမ် လုပ်ဆောင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

လက်ရှိမှာလည်း စစ်ကောင်စီလက်အောက်ခံ YRTC က စမတ်မီတာ တပ်ဆင်မယ့်အပေါ် အငှားယာဉ်မောင်းတွေနဲ့ ခရီးသည်တွေကြား ဝေဖန် ပြောဆိုနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013