
ကာရစ်ဘီယံ ပင်လယ်ပြင်မှာ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေး ၂ ခုအတွင်း ကိုကင်း ၅ တန်ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ကိုလံဘီယာနိုင်ငံရဲ့ ရေတပ်က ဇွန်လ ၁၂ ရက်မှာ ပြောပါတယ်။
အမျိုးသားရေတပ်ဟာ ကိုလံဘီယာလေတပ်၊ ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းညှိနှိုင်းပြီး ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း အခုလို ဖမ်းဆီးရမိခဲ့တာပါ။
အဲဒီမူးယစ်ဆေးဝါးတွေကို အမြန်ရေယာဉ်တွေနဲ့ တင်ဆောင်လာတာဖြစ်ပြီး အမေရိကအလယ်ပိုင်းကို ဦးတည်မောင်းနှင်နေတာ လို့ ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။
ပထမစစ်ဆင်ရေးကို ကာရစ်ဘီယံမြောက်ပိုင်းမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အထုပ် ၅၀ ထဲ ထည့်ထားတဲ့ ကိုကင်း ၁ ဒသမ ၃ တန်ကို သယ်ဆောင်လာတဲ့ ကိုလံဘီယာနိုင်ငံသား ၂ ယောက်ကို ရေတပ်က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအမျိုးသားတွေကို ဖမ်းဆီးပြီး ဆန်အန်ဒရက်စ် ကျွန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။
ကာရစ်ဘီယံအနောက်ပိုင်းမှာ လုပ်ဆောင်ခဲ့တဲ့ ဒုတိယစစ်ဆင်ရေးမှာတော့ ကိုကင်း ၄ တန်ကျော်ပါတဲ့ အထုပ် ၁၆၁ ထုပ်ကို သယ်ဆောင်လာတဲ့ ကိုလံဘီယာနိုင်ငံသား ၄ ယောက်နဲ့ ဟွန်ဒူးရပ်စ်နိုင်ငံသား တယောက်တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း သူတို့စီးနင်းလာတဲ့လှေဟာ ပင်လယ်ပြင်ထဲမှာ နစ်မြုပ်သွားခဲ့ပြီး ဖမ်းဆီးရမိသူတွေနဲ့ မူးယစ်ဆေးဝါးတွေကိုတော့ ကာတာဟီနာ မြို့ကို ခေါ်ဆောင်သွားခဲ့ပါတယ်။
ဒီလိုနှိမ်နင်းနိုင်ခဲ့တာကြောင့် အကြမ်းဖက်မှုတွေနဲ့ အရပ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဒုက္ခပေးဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံဖြတ်ကျော် အကြမ်းဖက်ရာဇဝတ်ဂိုဏ်းတွေဆီကနေ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကျော်ကို အလဲထိုး ဖြတ်တောက်နိုင်ခဲ့တယ်လို့ ကာရစ်ဘီယံ ကမ်းခြေစောင့် တပ်ဖွဲ့မှူး ဒုတိယဗိုလ်မှူးကြီး နီကိုလပ်စ် ဂုဇ်မန် ဆာလက်စ်က ပြောဆိုပါတယ်။
Photo: Reuters










