DVB Logo
Home
မြန်မာသတင်း
မုံရွာ န.မ.ခ တိုက်ခိုက်ခံရ၊ သက်ကယ်ကျင်းရွာကို စစ်တပ်မီးရှို့၊ နေရပ်ပြန်ရန် ကန့်ဘလူ ဒေသခံများကို ပျူစောထီး ခြိမ်းခြောက်
DVB
·
March 16, 2023
မုံရွာ န.မ.ခ တိုက်ခိုက်ခံရ၊ သက်ကယ်ကျင်းရွာကို စစ်တပ်မီးရှို့၊ နေရပ်ပြန်ရန် ကန့်ဘလူ ဒေသခံများကို ပျူစောထီး ခြိမ်းခြောက်
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် န.မ.ခ စစ်တပ်ကို မတ် ၁၄ ရက် ည ၉ နာရီကျော်မှာ မဟာမိတ် PDF ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက် သေဆုံးသွားတယ်လို့ Chindwin Attack Force အဖွဲ့က ထုတ်ပြန်ပါတယ်။

“ည ၉ နာရီ ၁၅ မိနစ်အချိန်က‌နေစပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် န.မ.ခကို လက်နက်ကြီးတွေနဲ့ ၄၅ မိနစ်လောက်ကြာအောင် ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ စစ်သား ၆ ယောက် ထိခိုက်‌သေဆုံးသွားတယ်။ ထိုးစစ်ပြုလုပ်နေတဲ့အတွက် အရေးပေါ် လက်နက်ခဲယမ်း လိုအပ်နေပါတယ်ဗျ” လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၂၊ တပ်ရင်း-၃၊ တပ်ရင်း-၄ ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

ထိခိုက်သေဆုံးတာနဲ့ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ပစ်ခတ်တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၂ တပ်ခွဲ-၄၊ Fight For People-F.F.P PDF၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၃ တပ်ခွဲ-၃၊ ဂဠုန်နက် PDF၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၃၊ တပ်ခွဲ-၄၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၄၊ တပ်ခွဲ-၂၊ ခွေးသတ်မုဆိုး PDF၊ ကျားသစ်နက် (LPDF)၊ ယက္ခညီနောင် (LPDF) နဲ့ 9-One People's Defence Force PDF မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၂/၃/၄ က ထုတ်ပြန်ထားပါတယ်။

မုံရွာမြို့နယ်၊ သက်ကယ်ကျင်းကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ လောက် မတ် ၁၃ ရက်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာဘက်ကထွက်လာတဲ့ စစ်ကြောင်းက အခုလို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး ကျေးရွာသားတွေ အနေနဲ့ နေအိမ်ထဲကပစ္စည်းတွေ ဘာမှမယူနိုင်ဘဲ မီးထဲ အကုန်ပါသွားတဲ့အတွက် လက်ရှိမှာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

အဲဒီလို မီးရှို့တဲ့အချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိသလို စစ်ကြောင်းထဲမှာလည်း ဓားစာခံတယောက် ပါလာတယ်လို့ ဆိုပါတယ်။

လက်ရှိ မီးဘေးသင့်ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တတ်နိုင်သလောက် အကူအညီပေးထားပေမဲ့ ဒေသခံတွေအနေနဲ့ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဲဒီဒေသမှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး တပ်စွဲထားတာရှိသလို ဒေသခံတွေရဲ့ စိုက်ပျိုးသီးနှံတွေကိုလည်း အခုနှစ် မတ်လဆန်းပိုင်းကစပြီး ဝင်ရောက်ရိတ်သိမ်းယူနေတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာတော့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ရန်ကို ကြောက်လို့ တိမ်းရှောင်နေတဲ့ ဒေသခံတွေကို နေရပ်ပြန်လည်နေထိုင်ဖို့ ခြိမ်းခြောက်ကာ အတင်းအကျပ် စေခိုင်းနေကြောင်း သိရပါတယ်။

ကန့်ဘလူမြို့နယ်အတွင်းက ထန်းကုန်းတိုက်နယ်၊ ညောင်ဇင်ကျေးရွာက နေရပ်စွန့်ခွာ တိမ်းရှောင်နေတဲ့ ဒေသခံတွေကို ကျေးရွာအတွင်း ပြန်လည်နေထိုင်ဖို့နဲ့ နေထိုင်ခြင်းမရှိပါက နေအိမ်တွေကို မီးရှို့မယ်လို့ ပျူစောထီးအဖွဲ့က ခြိမ်းခြောက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ရွာထဲကို ပျူစောထီးအဖွဲ့က နေ့တိုင်းလာပြီး ပျူစောထီးထဲဝင်ဖို့နဲ့ လစဉ်ကြေးတွေ အတင်းအကျပ် ကောက်ခံနေတော့ ကျေးရွာမှာရှိတဲ့သူတွေက မနေရဲတော့ဘဲ နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေရတယ်။ တိမ်းရှောင်နေတဲ့သူတွေကို ပျူစောထီးအဖွဲ့တွေက ဖုန်းဆက်ပြီး ရွာကိုပြန်လာဖို့၊ မလာရင် အိမ်တွေကို မီးရှို့မှာဆိုပြီး ဖုန်းဆက် ခြိမ်းခြောက်တာတွေ လုပ်တယ်” လို့ ပြောပါတယ်။

ညောင်ဇင်ကျေးရွာအတွင်း ကျန်ရှိနေတဲ့ နေအိမ်တွေကိုလည်း တိမ်းရှောင်တာတွေ မပြုလုပ်ဖို့ ပျူစောထီးအဖွဲ့ဝင်တွေက အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ညောင်ဇင်ကျေးရွာဟာ ကန့်ဘလူမြို့နယ် တောင်ဘက် မန္တလေး-မြစ်ကြီးနားလမ်းမှာ တည်ရှိပြီး အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ ကျေးရွာတခုဖြစ်ကာ ပြည်သူတွေကို အနိုင်ကျင့် သတ်ဖြတ် လုယက် မီးရှို့မှုတွေ ပြုလုပ်နေတဲ့ ပျူစောထီးရန်ကို ကြောက်ရွံ့တဲ့အတွက် အိမ်ခြေ ၁၄၀ ခန့်ဟာ နေရပ်စွန့်ခွာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

“ရွာထဲကို ပျူစောထီးအင်အား ၄၀ လောက်က နေ့တိုင်း ကင်းလှည့်တယ်။ ပျူစောထီး ခေါင်းဆောင် ဝါသဝ ကလည်း ကျေးရွာမှာရှိတဲ့နေအိမ်တွေ လစဉ်ကြေးပေးဖို့၊ ပျူစောထီးအဖွဲ့ထဲ ပါဝင်ဖို့ ခြိမ်းခြောက်အကျပ်ကိုင်တာတွေ ရှိတယ်။ အဲဒီလိုတွေ လုပ်နေတော့ ရွာထဲမှာ ဘယ်သူမှ မနေရဲတော့ဘူး။ ပျူစောထီးတွေနဲ့ ဆွေမျိုးတော်စပ်သူတွေနဲ့ သူတို့ကို မလွန်ဆန်ရဲတဲ့ မိသားစုတွေ ပြေးစရာ ဆွေမျိုးအသိုင်းအဝိုင်း မရှိတဲ့သူတွေဘဲ ရွာမှာကျန်ခဲ့တော့တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ကန့်ဘလူမြို့နယ်က ရွာတွေကို လိုက်လံမီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံပြည်သူ ၃၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အခက်အခဲ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတဦးက ပြောပါတယ်။

ကျေးရွာ ၂၈ ရွာက စစ်ရှောင်ပြည်သူ ၃၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး မနက်စာ အဆာပြေစားဖို့တောင် အခက်အခဲ ဖြစ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတဦးက ပြောပါတယ်။

“စစ်ရှောင်ပြည်သူတွေ များလာတာကြောင့် အခက်အခဲတွေက အရမ်းများတယ်။ တရွာမပြေးရလို့ တခြားရွာက ပြေးရရင် ကျန်တဲ့ရွာတွေက ကူညီကျွေးမွေးကြတာမျိုးရှိတယ်။ ဒါပေမဲ့ ရွာ ၃၀ လောက် ပြေးရတဲ့အခါကျ မြေပြင်က ကျွေးမွေးရေးကအစ ဘာတခုမှ အဆင်မပြေဘူး။ အလွန်ဆုံး ကျွေးနိုင် ၂ ရက်ပဲ ကျွေးနိုင်တယ်” လို့ ပြောပါတယ်။

ကန့်ဘလူမြို့နယ်ရဲ့ ကိုးတောင်ဘို့တိုက်နယ်နဲ့ ချပ်သင်းတိုက်နယ်တွေအတွင်း စစ်ကောင်စီက ဝင်ရောက်စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတာ ၁ နှစ်နီးပါး ရှိလာပြီဖြစ်ပြီး တောထဲမှာ အဆင်ပြေသလို မိုးကာနဲ့ ယာယီနေထိုင်ကြရတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေဆီက သိရပါတယ်။

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေက ဒေသတွင်းလုံခြုံရေး၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အတွက်ဟု ဆိုကာ ပြည်သူ့စစ်သင်တန်း မဖြစ်မနေ တက်ရောက်ဖို့ မတ် ၁၄ ရက်က အစည်းအဝေးခေါ်ယူ ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြေပါတယ်။

အစည်းအဝေးတက်ရောက်ခဲ့သူ ကျွန်းလှမြို့ခံ အမျိုးသားတဦးက “ရပ်ကွက်သူ ရပ်ကွက်သားတွေအနေနဲ့ ပြည်သူတွေကို ကာကွယ်ဖို့၊ ပြည်သူ့စစ်မရှိတဲ့ရွာတွေ မီးရှို့ဖျက်ဆီးခံရတာကြောင့် ပြည်သူ့စစ်သင်တန်း မဖြစ်မနေ တက်ရောက်ရမယ်။ ကိုယ့်အသိစိတ်နဲ့ကိုယ် တက်ကြ။ မတက်ရင် မဲနှိုက်ရွေးချယ်မယ်။ မတ်လ ၁၉ ရက်နေ့မှာ အစည်းအဝေး ထပ်ခေါ်မယ်လို့ ပျူစောထီးခေါင်းဆောင်တဦးဖြစ်တဲ့ သန်းထိုက်က ပြောဆိုခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီး တပ်ဖွဲ့ဝင်တွေက ကျွန်းလှပြည်သူတွေအပေါ် လက်နက်နဲ့ အနိုင်ကျင့် ခြိမ်းခြောက် ငွေကြေးတောင်းယူတာ‌တွေ၊ ပျူစောထီးဂိတ်တွေမှာ ဖိအားပေး ဂိတ်စောင့်ခိုင်းတာ‌၊ အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ သူတို့ကို မထောက်ခံတဲ့ ကျေးရွာတွေကို မီးရှို့တာ၊ အဖိုးတန် ရွှေငွေနဲ့ စားနပ်ရိက္ခာတွေကို အဓမ္မလုယူ သိမ်းဆည်းတာတွေ ပြုလုပ်တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်အဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013