DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသည် ကမ္ဘာတွင် အရပ်သားပြည်သူ အသေအပျောက် ဒုတိယအများဆုံးနိုင်ငံ ဖြစ်နေဟု ဗြိတိန်သံအမတ်ပြော
DVB
·
March 14, 2023
မြန်မာနိုင်ငံသည် ကမ္ဘာတွင် အရပ်သားပြည်သူ အသေအပျောက် ဒုတိယအများဆုံးနိုင်ငံ ဖြစ်နေဟု ဗြိတိန်သံအမတ်ပြော
Donate to DVB

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အရပ်သားပြည်သူ အသေအပျောက် ဒုတိယအများဆုံးနိုင်ငံ ဖြစ်နေပြီး မြန်မာပြည်သူလူထုအနေနဲ့ ထိရောက်တဲ့ တိုးတက်ပြောင်းလဲလာမှုကို အမြန်ဆုံး လိုအပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ် ဘာဘရာ ဝုဒ်ဝါ့ဒ်က ပြောလိုက်ပါတယ်။

“မြန်မာပြည်သူလူထုဟာ ဆိုးရွားတဲ့ဒုက္ခတွေကို ရင်ဆိုင်ကြုံတွေ့နေရတာ အချိန်အရမ်းကြာမြင့်နေပါပြီ။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရပ်သားပြည်သူ အသေအပျောက် ဒုတိယအများဆုံးနိုင်ငံ ဖြစ်နေပါပြီ။ မြန်မာပြည်သူလူထုအနေနဲ့ ထိရောက်တဲ့ တိုးတက်ပြောင်းလဲလာမှုကို အမြန်ဆုံးလိုအပ်နေပါတယ်။”

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး မတိုင်ခင်မှာ သတင်းမီဒီယာတွေကို ပြောကြားလိုက်တာဖြစ်ပြီး မြန်မာပြည်သူလူထုကို ကူညီကာကွယ်ပေးဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ အခုထက်ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်သင့်ကြောင်းလည်း သူက တိုက်တွန်းခဲ့တာပါ။

မြန်မာအာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး‌ ဒေါ်ဇင်မာအောင်နဲ့ ဗြိတိန်နိုင်ငံခြား‌ရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျမ်းစ်ကလယ်ဗာလီနဲ့ လန်ဒန်မြို့ရှိ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရုံးမှာ  ဖေဖော်ဝါရီ ၆ ရက် ဗြိတိန်စံတော်ချိန် ညနေ ၃ နာရီခွဲမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး အဆိုပါဆွေးနွေးပွဲမှာ မြန်မာပြည်အရေးနဲ့စပ်လျဥ်းပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်နိုင်ဖို့ ဆောင်ရွက်နိုင်ရေး၊ လူနည်းစု လူမျိုးများအရေးနဲ့ တခြား အကြောင်းအရာတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့ပြီးချိန်က စတင်ကာ အမျိုးသမီး အယောက် ၄၄၀ ​ကျော် အပါအဝင် ပြည်သူ ၃,၁၂၀ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး အထူးသဖြင့် အမျိုးသမီးဆန္ဒပြသူတွေကို ဦးခေါင်းတည့်တည့်ချိန်ကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ မတရားဖမ်းဆီး ထိန်းချုပ်ခံရသူတွေထဲက ၁၄၅ ယောက်ကျော်ကို စစ်ကြောရေးမှာ သတ်ဖြတ်ခဲ့ပြီး တခြားဖမ်းဆီးထိန်းသိမ်းခံထားရသူ အယောက် ၈၄၀ ကျော်ကိုလည်း သတ်ဖြတ်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်းမှာ အိမ်ခြေ ၆၂,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အပြစ်မဲ့ပြည်သူ မြောက်မြားစွာကိုလည်း လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တာတိုင်ရွာနဲ့ နန့်နိမ်းရွာတို့မှာ ဖြစ်ပွားခဲ့တဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အပါအဝင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စုစုပေါင်း ၆၀ ကျော်ကို ကျူးလွန်ခဲ့တယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013