DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုတွေရပ်တန့်ပြီး လူသားချင်းစာနာမှုအကူအညီပေးခွင့်ပြုရန် မြန်မာစစ်တပ်ကို ယူကေ တောင်းဆို
DVB
·
June 14, 2022
အကြမ်းဖက်မှုတွေရပ်တန့်ပြီး လူသားချင်းစာနာမှုအကူအညီပေးခွင့်ပြုရန် မြန်မာစစ်တပ်ကို ယူကေ တောင်းဆို
Donate to DVB

မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ တားဆီးပိတ်ဆို့မှု မလုပ်ဖို့၊ လူ့အခွင့်အရေးလေးစားလိုက်နာဖို့နဲ့ ရေရှည်တည်မြဲမယ့် နိုင်ငံရေးအဖြေဖော်ဆောင်နိုင်ဖို့အတွက် အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေဆောင်ရွက်သွားဖို့ ယူကေနိုင်ငံရဲ့ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဘာဘရာဝုဒ်ဝါ့က ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

ဇွန် ၁၃ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘောအစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းခဲ့တဲ့ အကျိုးဆက်တွေကို မြန်မာနိုင်ငံတွင်းမှာ နေထိုင်သူအားလုံး ခံစားနေကြရပြီး နိုင်ငံအနှံ့က လူမှုရေးအဖွဲ့အစည်းတွေပါမကျန် စစ်တပ်ရဲ့ ဖြိုခွင်းမှုကို ခံခဲ့ရတယ်။ ရွာတွေကို မီးရှို့၊ ဗုံးကြဲပြီး စစ်တပ်က အရပ်သားတွေကို တိုက်ခိုက်ခဲ့တယ်။ မြန်မာစစ်တပ်က လူအမြောက်အမြားကို သတ်ဖြတ်၊ နှိပ်စက်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားတာတွေနဲ့ ပတ်သက်ပြီးခိုင်မာတဲ့ အထောက်အထားတွေလည်း ရရှိထားပြီးဖြစ်တယ်လို့ ယူကေအသံအမတ်ကြီးက ပြောပါတယ်။

စစ်တပ်ရဲ့ အခုလုပ်ရပ်တွေဟာ ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ဒေသမှာ ကျူးလွန်ခဲ့တဲ့ သူတို့ရဲ့ ထိတ်လန့်ဖွယ်ရာ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် သက်သေခံချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်သူအမြောက်အမြားကို  ယူကေကနေ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆောင်ရွက်ခဲ့ပြီး တခြားနိုင်ငံတွေအနေနဲ့လည်း တတ်နိုင်တဲ့ဘက်ကနေ ဝိုင်ဝန်းဒဏ်ခတ် ဖိအားပေးကြဖို့ တိုက်တွန်းပါတယ်။

အာဏာမသိမ်းခင်က လူသားချင်းစာနာမှုအကူအညီလိုအပ်နေသူ လူဦးရေ ၁၃ သန်းရှိခဲ့ပြီး အခုချိန်မှာ ၁၄ သန်းဖြစ်လာခဲ့ပါပြီ။ ကုလသမဂ္ဂအပါအဝင် တခြားနိုင်ငံတွေရဲ့ ကူညီထောက်ပံ့မှုတွေဟာ အကူအညီလိုအပ်နေသူတွေဆီကို ရောက်အောင် ဆက်သွယ်နိုင်ခြင်း မရှိတာကြောင့် ရပ်တန့်နေခဲ့ရသလို အကူအညီတွေမရောက်ရှိနိုင်အောင်လည်း စစ်တပ်က နိုင်ငံရေးကို အကြောင်းပြပြီး ပိတ်ဆို့တားဆီးနေတယ်လို့ဆိုပါတယ်။

အာဆီယံနဲ့ ကုလသမဂ္ဂတို့ပူးပေါင်းပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ဖို့ အာဆီယံရဲ့ အားထုတ်မှုတွေကို ယူကေမှ ထောက်ခံအားပေးပေမဲ့ စစ်ကောင်စီကတော့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အစီအစဉ်ရှိပုံမရပါဘူး။

ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို သေဒဏ်ပေးကွပ်မျက်မယ့် စစ်ကောင်စီရဲ့ အစီအစဉ်ကို ယူကေက ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချကြောင်းကိုလည်း ထပ်မံပြောကြားလိုပါတယ်။ ဒီလုပ်ရပ်ဟာ ပြဿနာတွေကို ငြိမ်းချမ်းစွာဖြေရှင်းမယ့် အာဆီယံရဲ့ ကြိုးစားအားထုတ်မှုတွေကို အပေါ်မှာလည်း စိတ်ပျက်ဖွယ်ရာအကျိုးဆက်တွေ ဖြစ်ပေါ်စေလိမ့်မယ် ရေးသားထားတဲ့ ဝန်ကြီးချုပ်ဟွန်ဆန် ပေးပို့လိုက်တဲ့စာကိုလည်း ဖတ်ရှုူမှတ်သားလိုက်ရတယ်လို့ ယူကေ အသံအမတ်က ပြောပါတယ်။ 

ရခိုင်ပြည်နယ်အတွင်းမှာ ကျန်နေခဲ့တဲ့ ရိုဟင်ဂျာတွေဟာလည်း နိုင်ငံသားဖြစ်ခွင့်မှ ငြင်းပယ်ခံရခြင်း၊ ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ မရနိုင်ခြင်း စတဲ့ နိုင်ငံရေးစနစ်အရ ခွဲခြားဆက်ဆံမှုတွေကို ရင်ဆိုင်နေရပြီး သူတို့အပေါ် ဒီလို ခွဲခြားဆက်ဆံမှုတွေ၊ ရက်စက်တဲ့ ရာဇဝတ်မှုကျူးလွန်နေတွေကို ကာကွယ်ပေးထားတဲ့ ဥပဒေကို အမြန်ဆုံးပြုပြင်ပြောင်းလဲဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းသို့ ဒုက္ခသည်တွေ လုံခြုံအေးချမ်းစွာပြန်နိုင်မယ့်အချိန်ရောက်တဲ့အထိ ဘင်္ဂလားဒေ့ရှ်မှာရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေကို အကူအညီပေးဖို့ ယူကေက သန္နိဋ္ဌာန်ချထားပြီး ဖြစ်တယ်လို့  ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး  ဘာဘရာဝုဒ်ဝါ့က ကြေညာချက် ထုတ်ပြန်ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013