DVB Logo
Home
မြန်မာသတင်း
တရားမဝင် ရာဇဝတ်စစ်တပ်ဖြစ်ဟု မြန်မာသံအမတ်ကြီးပြော၊ နိုင်ငံ့အာဏာ ပြည်သူ့ထံ ပြန်လွှဲချိန်တန်ပြီဟု ဗြိတိန်သံအမတ်ကြီး တောင်းဆို
DVB
·
February 2, 2023
တရားမဝင် ရာဇဝတ်စစ်တပ်ဖြစ်ဟု မြန်မာသံအမတ်ကြီးပြော၊ နိုင်ငံ့အာဏာ ပြည်သူ့ထံ ပြန်လွှဲချိန်တန်ပြီဟု  ဗြိတိန်သံအမတ်ကြီး တောင်းဆို
1 / 2
Donate to DVB

မြန်မာစစ်တပ်ဟာ တရားဝင်မှုအလျဉ်းမရှိတဲ့ ရာဇဝတ်စစ်တပ်မျှသာဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ တရားမဝင် စစ်အာဏာသိမ်းမှုလုပ်ရပ်ဟာ နိုင်ငံတော်အစိုးရနဲ့ တိုင်းပြည်အပေါ် သစ္စာဖောက်ခြင်းသာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

မြန်မာ့လူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ တွမ်အန်ဒရူးက မြန်မာစစ်တပ်ရဲ့ တရားမဝင်မှုနဲ့ ပတ်သက်တဲ့ စာတမ်းမိတ်ဆက်တဲ့ အစီအစဉ်ကို  နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ  ဇန်နဝါရီလ ၃၁ ရက်က ကျင်းပစဉ် မြန်မာသံအမတ်ကြီးက ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်းဒရူးစ်ဟာ “တရားမဝင် ဥပဒေမဲ့သော - မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် စစ်တပ်ရဲ့ အဆိုပြုချက်နဲ့ နိုင်ငံတကာတုံ့ ပြန်မှုတွေအပေါ် လေ့လာဆန်းစစ်ခြင်း”ဆိုတဲ့ အမည်နဲ့ အစီရင်ခံစာတစ်စောင်ကို မကြာခင်ကမှ တင်သွင်းခဲ့ပါတယ်။

တရားဝင် ရွေးကောက်တင်မြှောက်ခြင်း မခံရတဲ့ မြန်မာစစ်တပ်အနေနဲ့ ဒီမိုကရေစီ နည်းကျ တရားဝင်ရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတကို အင်အားသုံးဖမ်းဆီးထိန်းချုပ် ထားဖို့ ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်း ဒါမှမဟုတ် ပြဋ္ဌာန်းဥပဒေတို့ကမှ ခွင့်ပြုထားခြင်း မရှိကြောင်း၊ မြန်မာစစ်တပ်ရဲ့ တရားမဝင် စစ်အာဏာသိမ်းမှုလုပ်ရပ်ကို နိုင်ငံတော်အစိုးရနဲ့ တိုင်းပြည်အပေါ် သစ္စာဖောက်ခြင်းလို့စာ အဓိပ္ပါယ်ဖွင့်ဆိုနိုင်မယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

မတရားအာဏာသိမ်းထားတဲ့ စစ်တပ်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သော်လည်းကောင်း၊ ဒီမိုကရေစီနည်းလမ်းကျ သော်လည်းကောင်း တရားဝင်မှု မရှိတဲ့အပြင် မြန်မာပြည်သူကိုလည်း ကိုယ်စားမပြုဘူးလို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး နိုင်ငံ့အာဏာကို တရားမဝင်လုယူထားတဲ့ စစ်ကောင်စီဟာ သက်တမ်း ၂ နှစ်ပြည့်သွားပြီဖြစ်လို့ ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေးအာဏာကို ကာလုံအဖွဲ့အစည်းထံ ပြန်လည်အပ်နှံရမှာ ဖြစ်ပေမဲ့ တိုင်းပြည်ဟာ သာမန်မဟုတ်တဲ့ အခြေအနေမှာရှိနေဆဲဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဥပဒေချိုးဖောက်ပြီး နောက်ထပ် ၆ လ သက်တမ်းတိုးခဲ့ပါတယ်။

အာဏာသိမ်း ၂ နှစ်တာအတွင်း စစ်တပ်ဟာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်၊ မတရားဖမ်းဆီးညှဉ်းပန်းနှိပ်စက် ဥပဒေမဲ့ကွပ်မျက်တာတွေ ပြုလုပ်ခဲ့သလို အရပ်သားတွေကို လူအစုလိုက် အပြုံလိုက် သတ်ဖြတ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေတာဖြစ်ပါတယ်။

စစ်တပ်ကျူးလွန်လျက်နေတဲ့ ပြစ်မှုတွေဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်ကြောင်းနဲ့ မြန်မာနိုင်ငံကို စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်အောင် ရုန်းထွက်စေနိုင်ဖို့နဲ့ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ စစ်တပ်ကို အပြစ်ပေးအရေးယူကာ တာဝန်ခံမှု ရှိစေနိုင်ရေးဆောင်ရွက်ဖို့ နိုင်ငံတကာအသိုက်အဝန်းကို မြန်မာသံအမတ်ကြီးက တိုက်တွန်းပါတယ်။

အလားတူ အထူးအစီရင်ခံစာတင်သွင်းသူ တွမ်အန်ဒရူးစ်ကလည်း အာဏာသိမ်းစစ်တပ်ဟာ တရားဝင်မှုအလျဉ်းမရှိကြောင်း၊ စစ်တပ်က အတုအယောင် ရွေးကောက်ပွဲ ကျင်းပကာ တရားဝင်မှုရရှိနိုင်ရေး ကြိုးပမ်းနေတဲ့အပေါ် နိုင်ငံတကာအနေနဲ့ ငြင်းဆန်ကန့်ကွက်ဖို့နဲ့ စုပေါင်းအင်အားဖွဲ့ပြီး အာဏာသိမ်းစစ်တပ်အပေါ် ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ တိုက်တွန်းပြောသွားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်နဲ့ ဆက်နွှယ်တဲ့ နိုင်ငံတွေ အနေနဲ့ သူတို့ရဲ့ ရပ်တည်ချက်အပေါ် ပြန်လည်ချင့်ချိန်စဉ်းစားကာ စစ်တပ်နဲ့ ကင်းကွာအောင် နေသင့်ကြောင်းနဲ့ တရားဝင်မှု ခိုင်မာအားကောင်းတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံအားပေးသင့်ကြောင်းလည်း တွမ်အန်ဒရူးစ်က ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဘာဘရာဝုဒ်ဝပ်ဒ်ကလည်း  မြန်မာပြည်စစ်အာဏာသိမ်း ၂ နှစ်ပြည့်တာနဲ့ ပတ်သက်ပြီး သီးသန့်ရုပ်သံကနေ သတင်းစကားပါးရာမှာ မြန်မာနိုင်ငံမှာ ပြည်သူပေါင်း ၁၇ သန်း လူသားချင်းစာနာမှု အကူအညီ လိုအပ်နေပေမယ့် လိုအပ်တဲ့ သူတွေဆီ အကူအညီအထောက်အပံ့တွေ အရောက်ပို့ဆောင်ရေးကို စစ်တပ်က တားဆီးပိတ်ပင်နေတယ်လို့ပြောပါတယ်။ 

မြန်မာစစ်တပ်က မြေပြင်မှာ ကျောင်းတွေကို ဗုံးကြဲ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေပြီး ၂၀၂၂ ခုနှစ်အတွင်းမှာဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရပ်သားပြည်သူ အသေအပျောက် ဒုတိယမြောက် အများဆုံးနိုင်ငံဖြစ်ခဲ့တယ်လို့ ဗြိတိန်သံအမတ်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဆင်းရဲနွမ်းပါးမှုလျော့နည်းလာတဲ့ အခြေအနေကို စစ်တပ်က ပြောင်းပြန်ဖြစ်အောင်လုပ်ခဲ့သလို တကမ္ဘာလုံးအတိုင်းအတာနဲ့ မတည်ငြိမ်မှုတွေဖြစ်အောင် ဖန်တီးနေပြီး လူကုန်ကူးမှု ရှင်သန်လာအောင် ခွင့်ပြုပေးကာ၊ အခုဆိုလျှင် ကမ္ဘာ့မှာ မက်သာအဖက်တမင်း စိတ်ကြွမူးယစ်ဆေး အများဆုံး ထုတ်လုပ်သူ ဖြစ်လို့နေပြီဖြစ်ကြောင်းပြောပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲနေတဲ့မြန်မာစစ်တပ်ကို လေယာဉ်ဆီထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေ အပါအဝင် တာဝန်ရှိသူတွေကို ယူကေနဲ့ မဟာမိတ်တွေက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ လုပ်ခဲ့ကြောင်း၊ စစ်အုပ်စုကိုအထီးကျဖြစ်စေဖို့ ကုလသမဂ္ဂနဲ့အတူ အလုပ်လုပ်နေကြောင်း၊  မိမိတို့အနေနဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ ရပ်တည်နေကြောင်း၊ စစ်တပ်အနေနဲ့ တိုင်းပြည်အာဏာကို ပြည်သူတွေ လက်ထဲ ပြန်လည်လွှဲပြောင်းအပ်နှံရမယ့် အချိန်တန်ပါပြီလို့ ဗြိတိန်နိုင်ငံ သံအမတ်ကြီးကပြောပါတယ်။

စစ်အာဏာသိမ်း ၂ နှစ်ပြည့်အထိမ်းအမှတ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဗြိတိန်သံအမတ်ကြီးနဲ့အတူ ရုပ်သံကနေ သတင်းစကားပါးရာမှာတော့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းအသင်းတွေ ထိခိုက်ပျက်စီးသွားမှုတို့ရဲ့ အကျိုးဆက်ဟာ မြန်မာတနိုင်ငံတည်းအတွက်တင် ကြီးမားတာမဟုတ်ဘဲ ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေနဲ့ အခြားနိုင်ငံတွေဆီကိုပါ ရိုက်ခတ်မှုရှိနေပါပြီ။

မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို အပြီးတိုင်ချုပ်ငြိမ်းဖို့နဲ့ နောင် အနာဂတ်မှာ အလားတူဖြစ်စဉ်မျိုး နောက်တစ်ကြိမ်ထပ်မဖြစ်အောင် ရှောင်လွဲနိုင်ဖို့ ခိုင်မာတဲ့ သံန္နိဋ္ဌာန်တွေ ချမှတ်ထား ပြီးဖြစ်တယ်၊ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲတွေဟာ ဘယ်တော့မှ ပြဿနာ ဖြေရှင်းနိုင်မယ့်နည်းလမ်း မဖြစ်နိုင်ပါဘူး။ နိုင်ငံတကာအသိုက်အဝန်းရဲ့ ပံ့ပိုးကူညီမှုတွေကို ကျေးဇူးတင်ပါတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။

မြန်မာနိုင်ငံစစ်အာဏာရှင်လက်အောက်ကနေလွတ်မြောက်ဖို့၊ ရာဇဝတ်မှု ကျူးလွန်သူတွေတာဝန်ခံမှုရှိစေဖို့နဲ့ ထိရောက်မှုရှိတဲ့၊ အားလုံးပါဝင်ပြီး တာဝန်ခံမှုရှိတဲ့ အဖွဲ့အစည်းအသင်းအပင်းတွေနဲ့ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာရေးအတွက် စစ်မှန်တဲ့ အသွင်ကူးပြောင်းရေးစတင်နိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းဆီက ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်တွေ လိုအပ်တယ်လို့ မြန်မာသံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။

Photo- Myanmar Mission

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013